စလင်းမှာ သုံးရက်ဆက်တိုက် ဗုံးကြဲခံရ၊ ဒေသခံ နှစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရ

ဩဂုတ်လ ၁၀ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုမှာ တောင်ဘိုရွာက အသက် ခုနစ်ဆယ်ကျော် အရွယ် ဒေသခံနှစ်ဦး နေရာမှာတင် သေဆုံးခဲ့။

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာတွေကို ဩဂုတ်လ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးကာ ဆယ်ဦးဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုမှာ တောင်ဘိုရွာက အသက် ခုနစ်ဆယ်ကျော် အရွယ် ဒေသခံနှစ်ဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ စလင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ဆုံးတာပါ။ နေရာမှာတင်ပဲဗျ ဗုံးစဖောက်ဝင်တာက လည်ပင်းတည့်တည့်တွေဆိုတော့လေ။ ဒီနေ့(ဩဂုတ် ၁၃ရက်)လည်း လေယာဉ်လာပျံသေးတယ်။ မကြဲတော့ မကြဲသွားဘူး။ အနောက်ဘက်ကို ဆက်သွားတယ်။ ဘယ်လိုပဲပြောပြော ကိုယ့်နေရာ မကြဲပေမဲ့ တခြားနေရာ ကြဲမှာလေ။ အကုန်လုံးက ရေဘေးကြုံရလို့ ဒုက္ခကြီးနေကြတာ လေယာဉ်ကပါ လာပစ်တယ်ဆိုရင် ကျွန်တော်တို့ဘဝ ပြေးစရာမြေမရှိတော့ဘူး"

ဩဂုတ်လ ၁၀ ရက်နေ့မှာ တောင်ဘိုရွာနဲ့ဇီးဖြူပင်ရွာတို့ကို လေကြောင်းကနေ တစ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့သလို ဩဂုတ်လ ၁၁ ရက်မှာ ကန်တော်ရွာ၊ ကျပန်းရွာနဲ့ ရွာသစ်ကလေးရွာတို့ကို တစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဩဂုတ်လ ၁၂ ရက်မှာတော့ ကန်ချောက်ရွာ၊ ပိတောက်ရွာ၊ သဖန်းချိုရွာ၊ ဒီးဒုတ်ပင်ရွာနဲ့ သမန်းကျင်းရွာတို့ကို လေကြောင်းကနေ ဗုံးဆယ်လုံးခန့် ကြဲချခဲ့ပေမဲ့ ဒေသခံတွေ ထိခိုက်သေဆုံးတာမရှိဘူးလို့ ဆိုပါတယ်။

လတ်တလောမှာ အင်တာနက်နဲ့ ဖုန်းလိုင်းဆက်သွယ်ရေး ခက်ခဲနေတာကြောင့် သေဆုံးထိခိုက်သူတွေရဲ့နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ဆယ်ဦးထဲက သုံးဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတရာ ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကိုင်းတိုင်းပြောခွင့်ရသူ စီမံကိန်း၊ စီးပွားရေးနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၃၁ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၉၁၉ ဦးအထိ ရှိလာပါတယ်။