မြိုင်မှာ နှစ်လအတွင်း အရပ်သား ၂၉ ဦး သတ်ဖြတ်ခံရပြီး နေအိမ် ၃၃၂ လုံး မီးရှို့ခံရ

အဲဒီစစ်ကြောင်းတွေဟာ ယာကြီးပြင်၊ တောင်စုံ၊ မှန်ရင်း စတဲ့ကျေးရွာတွေမှာ ရောက်ရှိနေဟုဆို။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ နှစ်လနီးပါးလှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူ ၂၉ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃၃၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဩဂုတ်လ ၁၃ ရက်နေ့မှာ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ကနေလာတဲ့ အင်အား ၅၀၀ ခန့် ရှိတဲ့ စစ်ကြောင်းတွေက ရွာတွေကို အင်အားဖြန့်ခွဲပြီး စစ်ကြောင်းထိုး မီးရှို့ သတ်ဖြတ်နေတာလို့ မြိုင် ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းဝင်တဲ့အချိန် တွေ့တဲ့သူက သတ်ခံရတာပဲဗျ။ ရွာတွေကို လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတော့ သေဆုံးတာ ဒဏ်ရာရတာတွေ ရှိတယ်။ လက်နက်ကြီးထိလို့ သေတာလည်း ရှိတယ်ဗျ”

ယာကြီးပြင်ရွာ၊ ဘောင့်ဘင်ရွာ၊ သင်းမရွာ၊ ဂျုတ်ကုန်းရွာ၊ ဘောတုံရွာ၊ သံချောင်းရွာ၊ ကိုင်းရိုးရွာ၊ လက်ခုပ်ပင်ရွာ၊ ကန်နက်ရွာ၊ ညောင်ကုန်းရွာ၊ ကန်နက်ရွာနဲ့ ကိုင်းတောမရွာက နေအိမ်တွေ မီးရှို့ခံလိုက်ရတယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားတာပါ။

လက်ရှိ အဲဒီစစ်ကြောင်းတွေဟာ ယာကြီးပြင်၊ တောင်စုံ၊ မှန်ရင်း စတဲ့ကျေးရွာတွေမှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒီစစ်ကြောင်းတွေက တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ မြိုင်နဲ့ပေါက်အစပ်က ရေနံမှော်တွေကို ဦးတည်စစ်ကြောင်းထိုးနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

အဲဒီစစ်တပ်စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လထဲက မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၂၀ က စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် ထွက်ပြေးနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။