အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့ အမှတ် (၈) (က) ရပ်ကွက်ကို အာဏာသိမ်းစစ်တပ်က ဩဂုတ်လ ၁၆ နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သားအဖနှစ်ဦး သေဆုံးပြီး နောက်ထပ် ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။
သံတွဲမြို့ကို စစ်တပ်က အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီရက်ပိုင်းမှာ တစ်လလုံးလို့ပြောရမှာပေါ့ သံတွဲကို နေ့တိုင်းလိုလို လေယာဉ်တွေဝဲတယ်။ ဗုံးကလည်း အကြိမ်ကြိမ်ကြဲတယ်။သေတဲ့သူတွေကလည်း အယောက် ဆယ်နဲ့ချီနေပြီ။ ဒီထဲမှာ တကယ်အရွယ်မရောက်သေးတဲ့ ကလေးသေးသေးလေးတွေပါတယ်။ နောက်သက်ကြီးရွယ်အိုတွေပါတယ်။ ဒါတွေက တကယ့်ပြည်သူစစ်စစ်တွေပဲ။ လက်နက်ကိုင်မဟုတ်တဲ့ စစ်သားမဟုတ်တဲ့ တကယ့်အရပ်သားစစ်စစ်ပြည်သူတွေအပေါ်မှာ ဗုံးကြဲသတ်ဖြတ်နေတာ မရှက်ဘူးလားလို့ပဲ ကျွန်တော်မေးချင်တယ်”
AA ရဲ့ ထုတ်ပြန်ချက်အရ ဩဂုတ် ၁၆ ရက်နေ့ မနက် ၆ နာရီ ၄၀ မိနစ်မှာ ဂျက်တိုက်လေယာဉ်တစ်စီးက သံတွဲမြို့ အမှတ် (၈) (က) ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၅ဝ အရွယ် ဦးမင်းနောင်နဲ့ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူ မချွန်းလဲ့ရွှေရည်တို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၅ နှစ်အရွယ် ဦးဇေယျာမင်းလွှင်၊ အသက် ၂ နှစ်အရွယ် မောင်ရွှေမိုးယံဇော် နဲ့ အသက် ၄၀ အရွယ် ဒေါ်ဌေးဌေးမော်တို့ သုံးဦး ဗုံးစထိမှန်ပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲဒီရပ်ကွက်က လူနေအိမ်နဲ့ အဆောက်အအုံ စုစုပေါင်း ရှစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ဩဂုတ်လ ၁၆ နေ့ မနက် ၆ နာရီ ၄၉ မိနစ်မှာလည်း သံတွဲမြို့နယ် မောင်ရွှေလေးကျေးရွာအနီးကို ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သန့်ရှင်းရေးလုပ်သား သုံးဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ AA က ဆိုပါတယ်။
ဒီအချက်အလက်တွေကို RFA ကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်ကလည်း တစ်စုံတရာ ထုတ်ပြန်ထားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်ရဲ့ စစ်တပ်ခန့်ပြောခွင့်ရသူ ဦးမြင့်စိုးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းမဖြေပါဘူး။
ဒေသတွင်းသတင်းဌာနတွေရဲ့ စုစည်းဖော်ပြချက်တွေအရ တစ်လနီးပါးအတွင်း ရခိုင်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရပ်သား ၁၀၀ ကျော်ရှိလာပြီလို့ သိရပါတယ်။
ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ထဲက မာန်အောင်၊ ကျောက်ဖြူနဲ့ စစ်တွေစတဲ့ သုံးမြို့နယ်က လွဲရင် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
