စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ မတ္တရာမြို့နယ်ထဲက ရွာသုံးရွာကို ဩဂုတ်လ ၁၈ ရက်နေ့မနက်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၆ဝကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး နောက်ထပ် အမျိုးသမီးတစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်နှစ်စီးက ဝက်လက်မြို့နယ် ညောင်ပင်ကြီးတော၊ ကူကောင်းနဲ့ မတ္တရာ မြို့နယ် ဒေါင်းကျွန်းရွာတို့ကို မနက် ၇ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် ဒုံးကျည်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ကူကောင်းရွာက အသက် ၆၃ နှစ်အရွယ် ဒေါ်မာရီသေဆုံးခဲ့ပြီး အသက် ၃၂ နှစ်အရွယ် နောက်ထပ်အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တာလို ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ပထမအစီးက ညောင်ပင်ကြီးတောကို ကြဲပြီးတော့မှ မတ္တရာအနောက်ခြမ်းကိုပါ Rocket နဲ့ပစ်သွားတာ။ ညောင်ပင်ကြီးတောမှာ ရွာအရှေ့ဖျား ကွင်းပြင်ထဲကျတာဆိုတော့ လူအထိအခိုက်မရှိဘူး။ ဒုတိယအစီးကကျတော့ ကူကောင်းရွာရဲ့ အရှေ့တောင်ပိုင်းကို ရော့ကတ်တွေနဲ့ချည်းပစ်သွားတာဗျ။ အဲဒီမှာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရတယ်။ နေအိမ်သုံးလုံးပျက်စီးတယ်။ နွားသုံးကောင် ဒဏ်ရာရတယ်”
လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေါင်းကျွန်းရွာပျက်စီးထိခိုက်တဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။ ဝက်လက်နဲ့ မတ္တရာမြို့နယ်တွေဟာ ရေဘေးဒုက္ခရောက်နေတဲ့နေရာတွေဖြစ်ပြီး ဒေါင်းကျွန်းရွာကို စစ်တပ်က ရေကြောင်းကနေ သင်္ဘောနဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ တိမ်းရှောင်နေရတဲ့ရွာ ဖြစ်ပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့မနက်ပိုင်းမှာတော့ ရေကြောင်းကလာတဲ့ စစ်တပ်သင်္ဘောတွေက ဒေါင်းကျွန်းရွာရဲ့ ဧရာ၀တီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ သဖန်းဒေါင့်ရွာကို ရောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဩဂုတ်လ ၇ ရက်နေ့ကလည်း ဝက်လက်မြို့နယ် ကမ်းဖြူရွာ စာသင်ကျောင်းကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ဆောင် နှစ်ဆောင်နဲ့ နေအိမ် သုံးလုံးခန့် ပျက်စီးပြီး နွား ၁၃ ကောင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၃၁ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၉၁၉ ဦးအထိ ရှိလာပါတယ်။
