ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီဟာ UWSA နဲ့ မိုင်းလား အဖွဲ့တို့ကို မနက်ဖြန်တွေ့ဆုံမှာဖြစ်ပြီး TNLA တအာင်း-ပလောင်အဖွဲ့၊ AA နဲ့ ကိုးကန့်အဖွဲ့တွေနဲ့ တွေ့ မယ့်နေရာ၊ တွေ့မယ့်အချိန်ကာလကိုတော့ မသတ်မှတ်ရသေးဘူးလို့ TNLA အဖွဲ့ကပြောပါတယ်။
ဒီသုံးဖွဲ့ကိုလည်း လက်နက်ချမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်ခွင့်ရှိမယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြော ဆိုနေတဲ့အတွက် ဒါဟာ အစိုးရရဲ့သဘောထားလားဆိုတာလည်း သိချင်နေတယ်လို့ TNLA အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော် က ပြောပါတယ်။
"မြန်မာ့တပ်မတော် တပ်ချုပ်ကြီးက ကျနော်တို့သုံးဖွဲ့ကို လက်နက်စွန့်ပြီးမှပဲ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲကို လိုက်ရမယ် ဆိုတဲ့ ပေါ်လစီမှာလည်း တချို့ကိစ္စတွေက ကျနော်တို့ကြောင့် UNFC က တချို့လုပ်တဲ့အလုပ်တွေ နှောင့်နှေး တာဖြစ်နေတာကြောင့် တချို့ကိစ္စတွေကျတော့ အခု UNFC လျှောက်တဲ့လမ်းကို ပြည့်ပြည့်ဝဝလျှောက်ဖို့က ကျနော်တို့မှာ အခက်အခဲ တစ်စုံတရာရှိနေပါတယ်၊ ဒါကြောင့် အခုကျနော်တို့က ဒေါက်တာ တင်မျိုးဝင်း တို့ အဖွဲ့နဲ့ တွေ့ပြီဆိုရင် တပ်ချုပ်ကြီးပြောနေတဲ့ဟာက လက်ရှိမြန်မာအစိုးရသစ်ရဲ့ ပေါ်လစီဟုတ် မဟုတ် ကျနော်တို့ သေချာသိဖို့လိုအပ်ပါတယ်၊ အဲ့ဒီအတွက်လည်းတွေ့ချင်တယ်၊ တွေ့ဖို့သဘောတူညီထားတာဖြစ် ပါတယ်"
ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့အနေနဲ့ UWSA နဲ့ မိုင်းလားအဖွဲ့တို့ကို တွေ့ဆုံပွဲအပြီးမှာ သူတို့အဖွဲ့တွေနဲ့ တွေ့နိုင်မယ်လို့ မျှော်လင့်နေကြောင်းလည်း ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောပါတယ်။
အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပေမယ့် အစိုးရတပ်တွေနဲ့ TNLA တပ်တွေ၊ RCSS/SSA နဲ့ TNLA တပ်တွေရဲ့ တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေသေးတယ်လို့ဆိုပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် TNLA တအာင်း-ပလောင်အဖွဲ့၊ AA နဲ့ ကိုးကန့်အဖွဲ့တွေရဲ့ ပါဝင်ပတ်သက်ခွင့်ကိစ္စအတွက် TNLA အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
