မင်းတပ် တစ်ကျော့ပြန်တိုက်ပွဲ ၁၀ ရက်အတွင်း စစ်ကောင်စီက ၃၀ ခန့်နဲ့ CDF က ၁၄ ဦးသေဆုံး
2021.08.01
ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပလက်မြို့တို့မှာ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဒေသခံ ခုခံကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတို့ ကြား တစ်ကျော့ပြန် တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဇူလိုင် ၃၁ ရက်နေ့အထိ စုစုပေါင်း တိုက်ပွဲ ရှစ်ကြိမ်ဖြစ်ခဲ့ပြီး မင်းတပ်၊ ကန်ပလက်၊ မတူပီ မြို့က CDF အဖွဲ့တွေနဲ့ အတူ CNF ချင်းအမျိုးသားတပ်ဦးက တပ်ဖွဲ့ဝင်တွေကပါ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက် ခဲ့တယ်လို့ CDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ တိုက်ပွဲအရေအတွက်က တိုက်ပွဲက ရှစ်ကြိမ်လောက် ဖြစ်တယ်။ ကျွန်တော်တို့ မင်းတပ် CDF က ကျရှုံးတာကတော့ ၁၄ ယောက်ရှိတယ်။ စကစကတော့ ၃၀ ဝန်းကျင်လောက် ရှိတယ်။ ခေါင်းဆောင်ပိုင်းတွေလည်း နှစ်ယောက်၊ သုံးယောက်လောက် ရှိတယ်။ ဟိုတစ်နေ့က တပ်ရင်းမှူး တစ်ဦး ဆုံးတယ်။ ကန်ပလက်ပွဲမှာလည်း တပ်ရင်းမှူးတစ်ဦး အကြီးအကျယ် ဒဏ်ရာရသွားတယ်။ ရမ်ချောင်း တိုက်ပွဲမှာလည်း ၁၃ ယောက်လောက် အသေအဆုံးရှိတယ်။ ဒီဘက် ရမ်းပန်း၊ ရမ်းချောင်း ရွှေတွင်း တူးတိုက်ပွဲမှာလည်း သူတို့ တိုက်ပွဲသုံးလေးခုပေါင်းရင် ၁၀ ယောက်လောက်ရှိမယ်။ အနောက်ဘက် မှာလည်း တောက်လျှောက် ကျဆုံးနေတာဆိုတော့ ၃၀ ဝန်းကျင်လောက် ရှိမယ်။”
၁ဝ ရက်ကြာ တိုက်ပွဲအတွင်း ဒေသခံ CDF တပ်ဖွဲ့ဘက်က ၁၄ ယောက် စစ်ကောင်စီဘက်က အယောက် ၃၀ ဝန်းကျင်လောက် ကျဆုံးခဲ့တယ်လို့ CDF က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီကတော့ ချင်းပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာမရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့မှာ မင်းတပ်မြို့နယ် မကွီးအိမ်နူးမြို့မှာရှိတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တို့ရဲ့ ပူးပေါင်း စခန်းကို CDF တွေက သိမ်းပိုက်ခဲ့ပါတယ်။
"အဓိကကျွန်တော်တို့က စစ်ကောင်စီတွေ လာပြီဆိုတာနဲ့ ကြောက်လန့်နေရတဲ့ အခြေနေပေါ့။"
လတ်တလောမှာ စစ်ကောင်စီက အဲဒီစခန်းကို ပြန်ရဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ CDFအဖွဲ့ဝင် တစ်ဦးက RFA ကိုပြောပါတယ်။
ဇွန်လ ၂၀ ရက်နေ့ကစပြီး မင်းတပ်မြို့မှာ CDF အဖွဲ့နဲ့ စစ်တပ်တို့ သဘောတူညီထားတဲ့ ယာယီအပစ်အခတ် ရပ်စဲရေးမှာ စစ်တပ်ဘက်က ချိုးဖောက်မှုတွေ ရှိလာတာကြောင့် ဇူလိုင် ၂၁ ရက်နေ့က ပျက်ပြယ်သွားပါတယ်။ အဲဒီနောက် တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်နေတာပါ။
တိုက်ပွဲတွေကြောင့် ကန်ပလက်နဲ့ မင်းတပ်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာ ၂၀ ကျော်က ဒေသခံတွေဟာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ချင်းပြည်နယ်မှာလည်း ဒီရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲ တွေရှိနေတယ်လို့ အမည်မဖော်လိုတဲ့ မင်းတပ် CDF အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
“သူတို့တွေက အဲဒီစခန်းကို ပြန်သိမ်းပိုက်ဖို့ လာတာပေါ့နော်။ လမ်းမှာ ကျွန်တော်တို့ တိုက်ခိုက်တာပေါ့။ လမ်းမှာဆီးကြိုပြီး မင်းတပ် CDF နဲ့ ကန်ပလက် CDF တို့ပေါင်းပြီး တိုက်ခိုက်တာပေါ့။ အနည်းဆုံး ရွာပေါင်း ၂၀၊ ၃၀ လောက်ထွက်ပြေးရတယ်။ တောင်ယာထဲတွေပြေးတယ်။ ဝ ဥခင်းတွေထဲ ပြေးရတယ်။ အဲလိုမျိုးပေါ့။ တောထဲတောင်ထဲပဲ ပြေးရတာပဲ။ အဆိုးထဲက အကောင်းကတော့ အခုချိန် ပေါင်းနုတ်တဲ့ ရာသီ၊ ကောက်နုတ်တဲ့ရာသီဆိုတော့ ရွာထဲကလူတွေက သူတို့တောင်ယာထဲကို ပြေးကြတယ်။ တောင်ယာ တဲထဲ သွားပုန်းကြတာပေါ့။ အဆင်မပြေတာတော့ အများကြီးရှိတာပေါ့။”
ကန်ပလက်မြို့မှာရှိတဲ့ ကျေးရွာ ၁၀ ရွာက လူဦးရေ ၅၀၀ ခန့်တို့ဟာလည်း ခါရိုင်းကျေးရွာက စစ်ဘေးရှောင် စခန်းမှာ နေနေရတတာပါ။ ဒေသခံတွေဟာ စစ်တပ်လာရင်ကြောက်လန့်နေရတယ်လို့ ကန်ပလက်မြို့က စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကိုပြောပါတယ်။
“အဓိကကျွန်တော်တို့က စစ်ကောင်စီတွေ လာပြီဆိုတာနဲ့ ကြောက်လန့်နေရတဲ့ အခြေနေပေါ့။ စိတ်ထဲမှာ သူတို့ကို ကြောက်ရမယ်ဆိုတဲ့ အသိဝင်နေတဲ့ သဘောမျိုး၊ တချို့ လူ ၅၀၀ ကတော့ တကယ်ကို တိုက်ပွဲဖြစ်လို့ ထွက်ပြေးနေရတဲ့ ဦးရေဖြစ်တယ်။ တကယ်ကို အခက်အခဲကြုံရတယ်။ ချင်းပြည်နယ် ကတော့ မိုးရွာရင်တောက်လျှောက် သည်းထန်စွာ ရွာတဲ့အခြေနေ။ ခဏ ခဏလည်း မုန်တိုင်းတွေလည်း ရှိနေတယ်။ တချို့ သက်ကြီးရွယ်အိုတွေမှာ မသွားလာနိုင်တဲ့အခြေနေမှာ သွားလာနေရတယ်။ သူတို့ စစ်ကြောင်းထိုးပြီး အထိုင်ချတဲ့နေရာမှာ ရိက္ခာလည်းကျွန်တော်တို့ ပြန်သယ်လို့ မရတဲ့အခြေနေမှာ ရိက္ခာပိုင်းလည်း အများကြီးအခက်အခဲ ဖြစ်တယ်။”
ချင်းပြည်နယ်ထဲက မင်းတပ်နဲ့ကန်ပလက်မြို့နယ်တွေထဲက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။
စစ်တပ်ရဲ့ ထိခိုက်ကျဆုံးမှု အခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။