တိုက်ပွဲတွေကြောင့် ရွာပေါင်း ၃၀ က ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်
2011.06.14
မြန်မာစစ်အစိုးရနှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် တရုတ်နိုင်ငံ ယွန်နန်ပြည်နယ်ရှိ နယ်စပ်မြို့ဖြစ်သော နန်စန်းသို့ ထွက်ပြေးလာသည့် ကိုးကန့် ဒုက္ခသည်များကို ၂၀၁၀ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP
ထွက်ပြေးသူတွေဟာ နှစ်ထောင် နီးပါးရှိပြီလို့ နယ်စပ်မှာ နေထိုင်သူတွေက ပြောပါတယ်။ ဒီအတောအတွင်း နယ်စပ်ဂိတ်တွေ ဖြစ်တဲ့ လွယ်ဂျေဂိတ်နဲ့ နိုင်ဂျာယန်ဂိတ်တွေမှာ တရုပ်ဘက်က စီစစ်မှုတွေ တင်းတင်းကြပ်ကြပ် လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
"တချို့က နယ်စပ်ကူးတဲ့နေရာမှာ တရားဝင် ဂိတ်က မကူးတဲ့သူတွေလည်း ရှိတယ်။ တချို့ကျတော့ တရုတ်လူမျိုးတွေ၊ ၂ နိုင်ငံကူး လက်မှတ်တွေ ကိုင်ပြီးတော့ နေနေတဲ့လူတွေလည်း ရှိတယ်။ တချို့ကျတော့ KIO ရဲ့ အုပ်ချုပ်ရေး တာဝန်ခံတွေနဲ့ ညှိနှိုင်းပြီး သွားတဲ့သူတွေ ရှိတယ်။ ဒီလို အခြေအနေ အမျိုးမျိုးကြားမှာ တရုတ်ပြည်ဖက်ကလည်း အိခုမချိန်မှာ ဘယ်လို အတိုင်းအတာနဲ့ ဘယ်လိုမျိုးအခြေအနေမှာ လက်ခံရင် ကောင်းမလဲလို့ ဒွိဟ ဖြစ်နေပုံ ရှိတယ်။"
KIO အရာရှိတဦး ပြောပြတာပါ။ လက်ရှိ အနေနဲ့ တရုပ်နိုင်ငံဖက်မှာ ဒုက္ခသည် စခန်း မဖွင့်လှစ်သေးဘူးလို့ သိရပါတယ်။
ထွက်ပြေးသူ ဒေသခံတွေဟာ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာသလို ကချင်ပြည်နယ် အတွင်း တခြားနေရာတွေကို ထွက်ပြေးသူတွေ ရှိနိုင်တာကြောင့် KIO အဖွဲ့ အနေနဲ့ ဒုက္ခသည်များ စောင့်ရှောက်ရေး ကော်မတီတရပ်ကို မနေ့က ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတွေကို ဒီကနေ့ စတင် ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။









