ဖမ်းဆီးစစ်ဆေးခံ ကျောက်တန်းရွာသား ၃၅ ဦး လွတ်မြောက်
ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေထဲက ခြောက်ဦးကို တရားစွဲတင်မှာဖြစ်ပြီး ၃၅ ဦးကိုတော့ ဒီနေ့ညနေမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
-
2019-05-08 -

AA တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဝန်ခံသူ လေးဦးနဲ့ သံသယရှိသူ နှစ်ဦး စုစုပေါင်း ခြောက်ဦးကို မနေ့ညက စစ်တွေရဲစခန်းကို ပို့ဆောင်ကာ တရားဥပဒေအရ ဆက်လက်စစ်ဆေးသွားမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ ပြောတာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက ၄၈ ဦးကို မေ ၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး ဒီနေ့ညနေမှာ ၃၅ ဦးကို ထပ်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
စစ်ဆေးနေဆဲ ၄၃ ယောက်သာ ကျန်ရှိပြီး အဲဒီထဲက AA နဲ့ပတ်သက်သူတွေကို တရားဥပဒေကြောင်းအရ ဆက်လက်စစ်ဆေးအရေးယူမှာဖြစ်ကာ ပါဝင်ပတ်သက်မှု မရှိသူတွေကိုတော့ လွှတ်ပေးသွားမယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါ တယ်။
ကျောက်တန်းကျေးရွာမှာ ရက္ခိုင့်တပ်မတော် AA နဲ့ပတ်သက်လို့ သံသယရှိတဲ့ လူ ၂၇၅ ဦးကို တပ်မတော်က ဧပြီ ၃၀ ရက်နေ့က စတင်ထိန်းသိမ်းစစ်ဆေးပြီးနောက် မေလ ၂ ရက်နေ့ မနက် နှစ်နာရီလောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ ခြောက်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။