မစ္စတာ နာဂါးအိ အလုပ်လုပ်ခဲ့တဲ့ တိုကျိုအခြေစိုက် APF သတင်းဌာနက အောက်မေ့ဖွယ်ရာ ဟောပြောပွဲ တရပ် ကျင်းပခဲ့သလို မြန်မာနိုင်ငံသားတွေကလဲ တိုကျိုမြို့မှာပဲ ဆုတောင်းပွဲ အခမ်းအနားတရပ် ကျင်းပခဲ့ကြပါတယ် ၊ အဲဒီ ဆုတောင်းပွဲ အခမ်းအနားနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ခဲ့သူ ဦးကိုကိုအောင်က RFA ကို အခုလိုပြောပြပါတယ် ၊
“သူ ဒီနေ့ဆိုလို့ရှိရင် ကွယ်လွန်သွားတာ သုံးနှစ်ပြည့်တဲ့ အခမ်းအနားပေါ့လေ။ အဲဒီမှာ ဆုတောင်းကြမှာက ဘယ်သူတွေ ပါကြမလဲဆိုလို့ရှိရင် သူနဲ့ ပတ်သက်ခဲ့တဲ့ ဂျပန်နိုင်ငံမှာ ရှိတဲ့ သတင်းထောက် အသိုင်းအဝိုင်း၊ နောက်တခါ သတင်းဌာန တချို့က ပုဂ္ဂိုလ်တွေလည်း ပါပါတယ်။ အဓိကကတော့ သူက ရွှေဝါရောင် တော်လှန်ရေး ဖြစ်တဲ့အချိန်မှာ ဗမာပြည်သူပြည်သားတွေ၊ သံဃာတော်တွေ စစ်အစိုးရကနေ ဖိနှိပ်ထားတဲ့ အကြောင်းတွေကို ကွက်ကွက်ကွင်းကွင်း သိသာအောင်၊ မြင်သာအောင် ကမ္ဘာကို ထုတ်ဖော်ဖို့ ကြိုးစားခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုက်ပွဲတခုမှာလည်း သူ့အနေနဲ့ တထောင့်တနေရာကနေ ပါဝင်ခဲ့ပေးတယ်၊ ကူညီခဲ့ပေးတယ်ဆိုတဲ့ အနေအထားကို သတိတရ အနေနဲ့ ဆုတောင်းပွဲ လုပ်တာ။”
တိုကျိုအခြေစိုက် APF သတင်းဌာနမှာ ၁၉၉၆ ခုနှစ်ကတည်းက ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ မစ္စတာနာဂါးအိဟာ ကွယ်လွန်ချိန်မှာ အသက် ၅၀ ရှိပြီ ဖြစ်ပါတယ် ၊ သူဟာ အာဖဂန်နစ္စတန်နိုင်ငံ၊ အီရတ်နဲ့ ပါလက်စတိုင်းနယ်စပ်က စစ်ပွဲသတင်းတွေကို ဂျပန်ပရိသတ်နဲ့ ကမ္ဘာက သိအောင်တင်ပြနိုင်ဖို့ ဆောင်ရွက်ခဲ့သူလို့ သိရပါတယ် ။