မိန်းကလေး ၄ ဦး ပျောက်ဆုံးနေ
မြစ်ကြီးနားမြို့ပေါ်မှာ အလုပ်ရမယ်ဆိုပြီး လူတစ်ယောက်က ဖုန်းဆက်ခေါ်ရာကို လိုက်သွားတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ဘီလူးမြို့ရွာက မိန်းကလေးငယ် ၄ ယောက်ဟာ ဒီကနေ့အထိ ပျောက်ဆုံးနေတယ်လို့ အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
-
2017-01-13 -
-
-
မြစ်ကြီးနားမြို့ပေါ်မှာ အလုပ်ရမယ်ဆိုပြီး လူတစ်ယောက်က ဖုန်းဆက်ခေါ်ရာကို လိုက်သွားတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဘီလူးမြို့ရွာက မိန်းကလေးငယ် ၄ ယောက်ဟာ ဒီကနေ့အထိ ပျောက်ဆုံးနေတယ်လို့ အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
အိမ်နဲ့ နောက်ဆုံးဆက်သွယ်ချိန်မှာ ဘေးကတစ်စုံတစ်ယောက်က ဖုန်းပိတ်ခိုင်းလိုက်ပြီးနောက်ပိုင်း အဆက် အသွယ် ပြတ်တောက်သွားတာဖြစ်တယ်လို့ ဘီလူးမြို့ရွာရဲ့ အုပ်ချုပ်ရေးမှူး ဦးအောင်သူ က RFA ကို ဒီကနေ့ ပြောပါတယ်။
"ဘယ်ကိုရောက်နေပြီလဲ မေးတဲ့အခါကျတော့ ဖုန်းပိတ်လိုက်တော့ကွာလို့ ပြောလိုက်တယ်တဲ့၊ ဖုန်းပိတ်လိုက်လို့ဆိုတဲ့အချိန်ကစလို့ အခုအချိန်အထိ ဖုန်းကအဆက်အသွယ် မရတော့ပါဘူးခင်ဗျ၊ သွားတုန်းကတော့ အလုပ်လုပ်ဖို့သွားတယ်လို့ပြောသွားတာ၊ နောက်တစ်ချက် ဖုန်းအဆက်အသွယ် မှာကျတော့ ဖုန်းကိုဖြတ်တောက်လိုက်လိုက်တဲ့အခါကျတော့ စိတ်မကောင်းဘူးဖြစ်နေတာ ဒီကနေ၊ သားသမီးတွေမရှိတော့ စိတ်ပူတယ်၊ မစားနိုင် မအိပ်နိုင်ဖြစ်နေကုန်တာပဲ"
မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာက ကိုဇော်ရဲ ဆိုသူ က မြစ်ကြီးနားမြို့မှာ အလုပ်ရမယ်ဆိုပြီး ဖုန်းဆက်ခေါ်တဲ့ အတွက် ဇန်နဝါရီလ ၅ ရက်နေ့မှာ ဘီလူးမြို့ကနေ လိုက်သွားခဲ့ရာမှာ အမျိုးသမီးငယ်လေးယောက် ပျောက်ဆုံးနေ တာဖြစ်ပါတယ်။
အမျိုးသမီးငယ်လေးဦးနဲ့ ဖုန်းနောက်ဆုံး အဆက်အသွယ်ရတဲ့နေရာဟာ မြစ်ကြီးနားမြို့နယ်နိမိတ်ထဲမှာ မဟုတ်ဘဲ တရုတ်ပြည်ဘက်ဦးတည်နေတဲ့ ဝိုင်းမော်-ကန်ပိုက်တီလမ်းပေါ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအနီးမှာ ဖြစ် တယ်လို့ ပြောပါတယ်။ အဲဒီမိန်းကလေးငယ် လေးယောက်ဟာ တရုတ်နိုင်ငံဘက်ကို လူကုန်ကူးခံရတာလို့ သူတို့ မိသားစုနဲ့နီးစပ်တဲ့ ဒေသခံတွေက ယူဆနေကြပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မိုးညှင်းမြို့မရဲစခန်းမှူးက မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်မော်စတဲ့ နယ်မြေရဲစခန်းတွေ နဲ့ မြစ်ကြီးနားအခြေစိုက် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စုကိုလည်း အကြောင်းကြားထားတယ် လို့ပြောပါတယ်။
ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ ဒေသအနှံ့က မိန်းကလေးငယ်အများစုဟာ ဆင်းရဲမွဲတေမှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် တရုတ်နိုင်ငံဘက်ကို လူကုန်ကူးခံနေရပြီး တရုတ်ဇနီးမယားအဖြစ် ရောင်းချတာလည်း ခံနေကြရပါတယ်။
မြန်မာနိုင်ငံ ဒေသအသီးသီးကနေ ရောက်ရှိလာသူတွေဟာ မြစ်ကြီးနား၊ ဗန်မော်၊ ဖားကန့် စတဲ့ မြို့တွေက လုပ်ငန်းခွင်တွေမှာ အသက်မပြည့်တဲ့ ကလေးလုပ်သားတွေအဖြစ် လုပ်ကိုင်နေသူတွေရှိသလို လုပ်အားခေါင်း ပုံဖြတ်ခံရသူတွေလည်းရှိနေပြီး တချို့ဟာ တရုတ်ပြည်ဘက် ရောင်းစားခံနေရတာဖြစ်ပါတယ်။