ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ ကချင်ဆရာမ နှစ်ဦး အဓမ္မပြုကျင့် အသတ်ခံခဲ့ရတာ ဒီနေ့မှာ လေးနှစ်ပြည့်သွားပြီးဖြစ်လို့ ကချင်ဆရာမ နှစ်ဦးအတွက် အောက်မေ့ဖွယ်ဆုတောင်းပွဲကို ကောင်းခါးကျေးရွာ နမ့်တောင်းအသင်းတော်မှာ ဒီနေ့မနက်က ကျင်းပခဲ့ကြပါတယ်။
ကချင်ဆရာမတွေ အသတ်ခံရတာကို အမှုမှန်ပေါ်ပေါက်ဖို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ရှေ့နေတွေနဲ့ ဒေသခံတွေက ကော်မတီတစ်ခုဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ပေမယ့်လည်း အဲဒီအမှုဟာ လေးနှစ်ပြည့်တဲ့ထိ တရားခံတွေကို မဖော်ထုတ်နိုင်သေးဘူးလို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆန်ဆွမ်က ပြောပါတယ်။
ကချင်ဆရာမ နှစ်ဦးရဲ့ မိသားစုဝင်တွေနဲ့၊ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ကချင်လူမျိုး စုစုပေါင်း တစ်ထောင်ဝန်းကျင်လောက် တက်ရောက်ပြီး ဆုတောင်းပေးခဲ့ကြတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က သိရပါတယ်။
ကချင်ကျောင်းဆရာမ နှစ်ဦးဟာ ပန်ဆိုင်းကြူကုတ်မြို့ ကောင်းခါးကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က အသတ်ခံခဲ့ရတာပါ။
အဲ့ဒီလို အသတ်ခံရတဲ့အချိန်မှာ ကောင်းခါးကျေးရွာကို ရောက်ရှိနေတဲ့ ခမရ ၅၀၃ တပ်မတော်စစ်ကြောင်းမှာပါတဲ့ တပ်မတော်သားတွေကို စစ်ဆေးမေးမြန်းခွင့်ပြုဖို့ KBC ခေါင်းဆောင်တွေက ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးကတော့ တပ်မတော်သား ၂၈ ဦးကို စစ်ဆေးထားပြီး အဲဒီတပ်မတော်သားတွေရဲ့ မျိုးရိုးဗီဇနဲ့ ဆံပင်နမူနာတွေ ရယူထားကြောင်းသာ အကြောင်းပြန်ခဲ့ပါတယ်။
အမှုမှန်မပေါ်မချင်း ကချင်ဆရာမ နှစ်ဦးအတွက် ဇန်နဝါရီလရောက်တိုင်း အောက်မေ့ဖွယ် ဆုတောင်းပွဲကို နှစ်စဉ်ကျင်းပသွားမယ်လို့လည်း ဦးဆောင်သူတွေက ပြောကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။
