စစ်ကိုင်းမြို့နယ် စမွန်းရွာက နေအိမ် ၆၀ နီးပါး မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် စမွန်းရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၇ ရက် ညနေပိုင်းမှာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့လို့ နေအိမ် ၆၀ နီးပါး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကိုင်းမြို့နယ် ခက်ခရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေး စုပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်အင်အားသုံးဆယ်ခန့်က စမွန်းရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

မီးငြှိမ်းသတ်ဖို့လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေကိုလည်း စစ်ကောင်စီ တပ်က ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာတွေရှိနေ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အရှို့ခံရတဲ့ အိမ်တွေက မီးခိုးအူတဲ့အိမ်တွေက အူနေတုန်းပဲ။ မနက်က မီးဝင်သတ်ဖို့ ကြိုးစားတော့ သူတို့ဘက်က လက်နက်ကြီးနဲ့ လှမ်းထုလို့ အခုချိန်ထိ မီးမငြှိမ်းရသေးဘူး။ ရွာသားတွေကလည်း တောတွေထဲ ထွက်ပြေးကုန်ပြီ။ အခုချိန်ထိ မကပ်ရဲသေးဘူး။ သူတို့က ခဏတိုင်း စစ်ကြောင်းထိုးနေတာဆိုတော့ ရွာသားတွေလည်း ရွာထဲမနေရတာ တော်တော်ကြာပါပြီ။ တောထဲမှာ တဲလေးတွေနဲ့ လုပ်နေတော့လည်း တဲတွေကို လိုက်မွှေပြီး ရှိတဲ့ပစ္စည်းတွေ အကုန်ယူပေါ့ အဲလိုမျိုး”

ရွာကိုဝင်ရောက်စီးနင်းခံရတာကြောင့် အိမ်ခြေသုံးရာနီးပါးရှိတဲ့ စမွန်းရွာက ပြည်သူ ၁၅၀၀ ကျော်ဟာ ဩဂုတ်လ ၁၈ ရက်၊ ဒီနေ့ နေ့လယ်အထိ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်တယ် လို့ သူက ဆိုပါတယ်။

ဇွန်လ ၂၉ ရက်နေ့ကလည်း စမွန်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့စဉ် အရပ်သား လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းမြို့နယ် မြောက်ဘက်ခြမ်းမှာ စစ်ကောင်စီ တပ်တွေက ခက်ခနဲ့ ပဒူရွာမှာ တပ်စွဲထားတာတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းရဲ့ စစ်ကောင်စီ ပြောခွင့်ရသူ တိုင်း သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကိုင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က မကြာခဏဆိုသလို ရွာတွေကို စီးနင်းဝင်ရောက် တာတွေ လုပ်နေတဲ့အတွက် ပြီးခဲ့တဲ့ သုံးလလောက်ကစပြီး ခက်ခ၊ စမွန်း၊ ပဒူ၊ ကျွန်းဦးတော၊ ကျောင်းဖြူ၊ ထန်းကြီး စတဲ့ ရွာခြောက်ရွာက ဒေသခံ တစ်သောင်းနီးပါးဟာ စစ်ကိုင်းမြို့ပေါ်နဲ့ နီးစပ်ရာတောတောင်တွေထဲကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။