ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇ (၁) နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့သူတွေထဲက ၆၁ ဦးကို အမှုပိတ်သိမ်းပြီး လွှတ်ပေးလိုက်တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ ဩဂုတ်လ ၂ ရက်နေ့ မနေ့က ထုတ်ပြန်ပါတယ်။
စစ်တွေက ၁၂ ဦး၊ သံတွဲက ၁၆ ဦး၊ ကျောက်ဖြူက ၁၀ ဦး၊ ဘူးသီးတောင်က ကိုးဦး၊ အမ်းက ငါးဦး၊ မောင်တောက လေးဦး၊ ကျောက်တော်က နှစ်ဦး စုစုပေါင်း ၆၁ ဦးကို လွတ်မြောက် လာခဲ့တာပါ။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့ အမှုပိတ်သိမ်းပြီး လွှတ်ပေးလိုက်တာလို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူတွေ ရှိနေဆဲဖြစ်ပြီး သူတို့အားလုံးကိုလည်း ပြန်လွှတ်ပေးဖို့ လိုတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက RFA ကို ပြောပါတယ်။
“စစ်ကောင်စီနဲ့ AA ကြားမှာ အရင်ကတည်းက AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းထားတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ ကတိကဝတ်တွေရှိတာပေါ့လေ။ အခု လွတ်ပေးတာက ၆၀ လောက်ပဲ လွှတ်ပေးတာ။ နောက်ထပ် ဖမ်းဆီးခံထားရတဲ့သူတွေ ရှိသေးတယ်။ သူတို့ကိုလည်း ပြန်လွတ်ပေးဖို့ လိုတယ်။ ပြီးရင် အခုလို လွတ်ပေးတာထက် နောက်ထပ်မဖမ်းဖို့လိုတယ်”
လက်ရှိမှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ဘူးသီးတောင်းနဲ့ တခြားမြို့နယ်တွေမှာ AA နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်ဥပဒေ အပါအဝင်၊ မရားအသင်း ဆက်သွယ်မှု၊ ရာဇသတ်ကြီး ပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရသူ၊ ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၀၀ ကျော် ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေ၊ အချုပ်ထောင်တွေမှာ ပြစ်ဒဏ်ကျခံထားရတဲ့ အကျဉ်းသား ၇၇၄၉ ဦးတို့ကို သြဂုတ်လ ၁ ရက်နေ့က ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာပါ။
အဲဒီထဲမှာ နိုင်ငံခြားသား ၁၂၅ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေက ၂၂ ဦး၊ EAO တွေနဲ့ ဆက်စပ်လို့ အမှုရင်ဆိုင်နေရသူ ၇၁ ဦးပါဝင်ပါတယ်။