အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကယားပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

ကယားပြည်နယ် ဖံ့ွဖြိုးတိုးတက်ရေးအတွက် မကြာမီတာဝန်ယူမယ့် အစိုးရသစ်အဖွဲ့နဲ့ ပြည်သူတွေ ပူးပေါင်းဆောင် ရွက်ကြဖို့ လက်ရှိ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို လွိုင်ကော်မြို့ ကန္နာဟေဝန် ပန်းခြံမှာ ကျင်းပခဲ့ရာ အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောခဲ့တာဖြစ်ပါတယ်။

"အစိုးရသစ်ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့ ပြည်နယ်သူ ပြည်နယ်သားများအားလုံးက လက်တွဲညီညီ အားကြိုးမာန်တက် ပူးပေါင်းပြီးတော့ ကယားပြည်နယ်တစ်ခုလုံး ဘက်စုံဖွံဖြိုးပြီး၊ ငြိမ်းချမ်းရေးဖားစည် သံတွေ ဝေလျှံအောင် စည်းလုံးညီညွှတ်စွာနဲ့ လက်တွဲမဖြုတ်တမ်း ကြိုးပမ်းဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပါတယ်"

ပြီးခဲ့တဲ့ ၅နှစ်တာကာလအတွင်း ကယားပြည်နယ်မှာ နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်း တည်ဆောက်ဖို့၊ တစ်ပြည်နယ်လုံး မီးလင်းရေးနဲ့ပညာရေးဆိုင်ရာကိစ္စရပ်တွေ အကောင်အထည်ဖော်ရာမှာ မပြီးပြတ်ခဲ့တဲ့အတွက် လာမယ့် အစိုးရသစ်လက်ထက်မှာ ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ကယားပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အရင်က ကရင်နီပြည်နယ်အဖြစ် သတ်မှတ်ထားရာကနေ လွန်ခဲ့တဲ့ ၁၉၅၁ ခုနှစ်က ကယားပြည်နယ် အဖြစ် ပြောင်းလဲသတ်မှတ်ပြီး ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့မှာ ပြည်နယ်နေ့အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပခဲ့တာဖြစ်ပါတယ်။

အခမ်းအနားကို နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ကယန်းအမျိုးသားပါတီ၊ ကယန်းပြည်သစ်ပါတီတို့က ကိုယ်စားလှယ်တွေ နဲ့ ဒေသခံတွေ စုစုပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။