နိုင်ငံရေးအကျဉ်းသား ၆၉ ဦး လွတ်မြောက်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့် နဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) နဲ့ အကျဉ်းထောင် ၁၈ ခုက နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို ဒီနေ့ လွှတ်ပေးခဲ့ပါတယ်။
-
2013-11-15 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) နဲ့ အကျဉ်းထောင် ၁၈ ခုက နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို ဒီနေ့ လွှတ်ပေးခဲ့ပါတယ်။
ဒီနေ့ လွတ်မြောက်လာသူတွေထဲမှာ လက်ပံတောင်းတောင်အရေးကြောင့် အကျဉ်းကျနေတဲ့ ဒေါ်နော်အုံးလှ၊ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေး ၂ ဦးဖြစ်တဲ့ ဦးအေးနေဝင်းနဲ့ ဦးကျော်နေဝင်းတို့လည်း ပါဝင်ပါတယ်။
လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအနေ နဲ့ ဒီဇင်ဘာလမကုန်ခင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်နိုင်အောင်ကြိုးစားနေတယ် လို့ ကော်မတီဝင် ဦးကိုကိုကြီးက ပြောပါတယ်။
“တရားရင်ဆိုင်နေဆဲဖြစ်တဲ့ ပုဒ်မ ၁၈ နဲ့ ရင်ဆိုင်နေရတဲ့သူတွေနဲ့ ပတ်သက်လို့လည်း အမှုတွေ မြန်မြန်ဖြတ်ဖို့အတွက် ကျနော်တို့က တွန်းအားပေးတယ်၊ ထောင်ကျပြီးသားသူတွေ အားလုံးကိုတော့ နိုင်ငံရေးအကျဉ်းသားစာရင်းထဲမှာ ထည့်ပြီးတော့ ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ဖို့ဆိုတဲ့ နိုင်ငံတော်သမ္မတရဲ့ ကတိကဝတ်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကျနော်တို့အားလုံး ဝိုင်းကြိုးစားနေကြတာပါ၊ ဒီ ဦးနေဝင်းမြေးတွေ ပြစ်ဒဏ်ပေးခံရတဲ့ ပုဒ်မတွေဟာ ဥပမာအားဖြင့် ၁၂၂၁ နိုင်ငံတော်ပုန်ကန်မှုဆိုတာဟာ ဒါဟာ နိုင်ငံရေးပုဒ်မထဲမှာ အကျုံးဝင်နေတယ်၊ နောက်တစ်ခုက အရေးပေါ်စီမံချက်အက်ဥပဒေ ၅ ညပေါ့၊ ဒီပုဒ်မတွေဟာ နိုင်ငံရေးအရ စွပ်စွဲပြီးတော့ အရေးယူခံရတဲ့ ပုဒ်မတွေ ဖြစ်နေတယ်၊ ကျနော်တို့က လူပုဂ္ဂိုလ်ကို မကြည့်ဘဲနဲ့ ပုဒ်မတွေနဲ့ ဖြစ်စဉ်တွေအပေါ်မှာ ကြည့်ပြီးတော့ အတတ်နိုင်ဆုံး မှန်မှန်ကန်ကန်ဖြစ်အောင် ကြိုးစားပေးနေပါတယ်”
ဒီနေ့ လွတ်မြောက်လာသူတွေထဲမှာ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၁၇ (၂) တို့အပြင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) နဲ့ အကျဉ်းကျနေသူတွေ ပါဝင်ပါတယ်။
အင်းစိန်ထောင်က ၃ ဦး၊ မြင်းခြံထောင်က ၃ ဦး၊ မန္တလေးထောင်က ၁၀ ဦး၊ သာယာဝတီထောင်က ၂ ဦး၊ တောင်ငူထောင်က ၆ ဦး၊ ရွှေဘိုထောင်က ၄ ဦး၊ မုံရွာထောင်က ၂ ဦး၊ မြစ်ကြီးနားထောင်က ၅ ဦး၊ ဗန်းမော်ထောင်က ၂ ဦး၊ ကျောက်ဖြူထောင်က ၁၀ ဦး၊ သံတွဲထောင်က ၄ ဦး၊ ဘူးသီးတောင်ထောင်က ၂ ဦး၊ စစ်တွေထောင်က ၉ ဦး အပါအဝင် အကျဉ်းထောင်အသီးသီးက အကျဉ်းသား စုစုပေါင်း ၆၉ ဦး လွတ်မြောက်ခဲ့တာပါ။
အကျဉ်းသား ၆၉ ဦး အခုလို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။