နိုင်ငံရေးအကျဉ်းသား ၇ဝ ကျော် လွတ်ပြီ


2016.04.08
students-free-620.JPG လွတ်မြောက်လာတဲ့ ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်နဲ့ မဖြိုးဖြိုးအောင် တို့ကို ဧပြီလ ၈ ရက်နေ့က သာယာဝတီတရားရုံးမှာတွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ပဲခူးတိုင်း သာယာဝတီ အကျဉ်းထောင်မှာရှိနေတဲ့ ဒီမိုကရေစီပညာရေး တောင်းဆိုသူ ကျောင်းသူ  ကျောင်းသား ၆၉ ဦးကို အစိုးရက စွဲချက်တင်ထားတဲ့ အမှုတွေ ပယ်ဖျက်ပြီး ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိုမင်းသွေးသစ်၊ ကိုနန္ဒာစစ်အောင်နဲ့ မဖြိုးဖြိုးအောင်တို့ ၃ ဦးကတော့ ရန်ကုန်တိုင်း မြို့နယ်တချို့က သူတို့ကို စွဲဆိုထားတဲ့ အမှုတွေကို ပယ်ဖျက်ပေးဖို့ ကျန်ရှိနေသေးတာကြောင့် မလွတ်မြောက်သေးဘဲ ခေတ္တစောင့်ရဦးမယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းမြို့နယ်တွေက သူတို့အမှုတွေကို ဘယ်တော့ပယ်ဖျက်ပေးမယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒီအတွင်း ရန်ကုန်အင်းစိန်ထောင်ကနေ  ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင် မမီးမီး လွတ်မြောက်လာပြီလို့ သိရပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေကို ယခင်အစိုးရက ပုဒ်မ ၁၈ တရားမဝင် စီတန်းလှည့်လည်မှု၊ ပုဒ်မ ၅၀၅ () နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့ အစုအဖွဲ့မှာ ပါဝင်မှု၊ လူစုခွဲဖို့ ညွှန်ကြားချက်ကို မလိုက်နာမှု စတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးစွဲချက်တင်ခဲ့တဲ့အတွက် သာယာဝတီထောင်မှာ အမှုရင်ဆိုင်နေရတာ တစ်နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် အခုလို လွှတ်မြောက်လာကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သူတို့ရရှိတဲ့စာရင်းအရ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အမိန့်ချပြီးသား ၉၀ ကျော်၊ အမှုရင်ဆိုင်နေရဆဲ နိုင်ငံရေးအကျဉ်းသား ၄ဝဝ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။