စိတ်ရင်းစေတနာမှန်နဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ပါ သဘောတူညီချက်တွေကတဆင့် နိုင်ငံရေးပြဿနာတွေကို လွတ်လပ်မှု၊ တန်းတူရည်တူမှုအပြင် စိတ်ရင်းစေတနာမှန်နဲ့ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက တိုက်တွန်းပြောကြားလိုက်ပါတယ်။

နှစ် ၇၀ ပြည့် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီနဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် တို့ကိုတွေ့ရစဉ် Photo: Aung Moe Myint/RFA
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ပါ သဘောတူညီချက်တွေကတဆင့် နိုင်ငံရေးပြဿနာတွေကို လွတ်လပ်မှု၊ တန်းတူရည်တူမှုအပြင် စိတ်ရင်းစေတနာမှန်နဲ့ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေက ငြိမ်းချမ်းရေး ကို အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်ရှိရာ ကရင်ပြည်နယ် ဘားအံခရိုင်၊ ကလိုယော်လေးမှာ ဒီကနေ့ ကျင်းပတဲ့ နှစ် ၇၀ ပြည့် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားမှာ မူတူးစေးဖိုးက ပြောကြားလိုက် တာဖြစ်ပါတယ်။

ဒီကနေ့ အခမ်းအနားကို ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့က ခေါင်းဆောင်တွေ အပါအဝင် ပြည်တွင်း ပြည်ပက ကရင်ပြည်သူ သောင်းနဲ့ချီတက်ရောက်ခဲ့ပါတယ်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် က ကရင်ပြည်နယ်မှာ ဖွံ့ဖြိုးမှုမရှိသေးပဲ နောက်ကျနေတာဟာ ငြိမ်းချမ်းရေးမရှိလို့ ဖြစ်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လူငယ်တွေ ပါဝင်လာအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ကရင့်တော်လှန်ရေးစတင်ချိန်ကစလို့ လက်ရှိ အချိန်ထိ ကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ပြီး သက်ရှိထင်ရှားရှိနေဆဲ ရဲဘော်တွေကို KNU ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး က ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ အဲဒီအချိန်က အစိုးရတပ်ရဲ့ တိုက်ခိုက်မှုကို ပြန်လည်ခုခံခဲ့တဲ့ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ကို ကရင့်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ပြီး သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ နှစ်စဉ်မပျက်မကွက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်မိုးမြင့်နဲ့ ကိုကျော်သူတို့ ပေးပို့လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org