ရာသီတုပ်ကွေး H1N1 နဲ့ သေဆုံးသူ ၈၇ ဦး အထိရှိသွားပြီဖြစ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက မနေ့ညနေပိုင်းက ထုတ်ပြန်ပါတယ်။
H1N1 ရောဂါ ကူးစက်ခံရသူတွေထဲက ဇွန်လပိုင်းထဲမှာ တစ်ယောက်၊ ဇူလိုင်လထဲမှာ ၂၅ ယောက်နဲ့ သြဂုတ်လမှာ ၆၁ ယောက် သေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၈၇ ယောက် ရှိခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့ကနေ သြဂုတ်လ ၃ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့မှာ H1N1 ကူးစက်ခံရကြောင်း သံသယလူနာ ၁၁၀၀ ရှိပြီး အဲဒီထဲက ၄၅၈ ယောက်မှာ ရောဂါပိုးကူးစက်ခံရကြောင်း ဓာတ်ခွဲစမ်းသပ်အတည်ပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရောဂါကူးစက်ခံရသူအများစုဟာ ရန်ကုန်တိုင်းမှာ နေထိုင်သူတွေဖြစ်ပြီး သေဆုံးသူကလည်း ၆၃ ယောက်အထိ အများဆုံးဖြစ်ပါတယ်။
ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) က လွဲပြီး ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ H1N1 ရောဂါပိုး ကူးစက်ခံရသူတွေ ရှိနေပါတယ်။
အသက် ငါးနှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၆၅ နှစ်အထက်လူကြီးတွေဟာ H1N1 ရောဂါပိုး ကူးစက်ခံရနိုင်ခြေ အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)
