ကျန်ရှိနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ၈၈ အဖွဲ့ မျှော်လင့်

ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ပြီး လွတ်မြောက်လာမယ်လို့ မျှော်လင့်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ကျောင်းသားတွေ လွတ်မြောက်မှုနဲ့ပတ်သက်လို့ ၈၈ အဖွဲ့က ကိုမြအေးက အခုလိုပြောပါတယ်။

"ဒီအစိုးရသစ်နေနဲ့ လွှတ်မယ်ဆိုတာလည်း ကျနော်တို့ယုံကြည်ပါတယ်၊ သိလည်းသိပါတယ် ဒါပေမဲ့ အစိုးရသစ်အနေနဲ့ ရက် ၁ဝဝ အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ ဆိုတဲ့ကိစ္စကိုလည်း ကျနော်တို့က ရှေးဦးမဆွကတည်းက အဲ့ဒါကို လိုလားတယ်လေ၊ သမ္မတကြီး ဦးထင်ကျော် မိန့်ခွန်းနဲ့အညီပေါ့နော် အမျိုးသားရင်ကြားစေ့ရေးကို လုပ်မယ်ဆိုတဲ့ဟာနဲ့အညီပေါ့နော် အခုလိုနိုင်ငံရေးအကျဉ်းသားတွေ လွှတ်လိုက်တယ်ဆိုတဲ့အခါမှာ အရပ်သားအစိုးရအသစ်ရဲ့ တကယ်ကောင်းမွန်ဆီလျော်သင့်မြတ်တဲ့ ပထမဆုံးလုပ်ကိုင် ဆောင်ရွက်ချက်တစ်ခုလို့ ကျနော်က လုံးဝအသိအမှတ်ပြုပါတယ်၊ ကြိုလည်းကြိုဆိုပါတယ်၊ ဝမ်းလည်းဝမ်းသာပါတယ်"

နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရ တဲ့ ကျောင်းသူကျောင်းသားတွေ လွတ်မြောက်ရေးဟာ ပြည်သူ့အစိုးရရဲ့ ဦးစားပေးလုပ်ငန်းဖြစ်တာနဲ့အညီ နိုင်ငံရေးအကျဉ်းသားတွေ အခုလို ပြန်လည်လွတ်မြောက်လာတဲ့အတွက် မိမိတို့အနေနဲ့ ဝမ်းမြောက်ကြရပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်တို့ကို နိုင်ငံရေးအကျဉ်း သားတွေ လွတ်မြောက်လာမှုအတွက် ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဆက်လက်မျှော်လင့်လျက်ရှိကြောင်းလည်း အဲ့ဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။