၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး မဲဆောက်မြို့က လူမှုကူညီရေး အဖွဲ့များနဲ့ တွေ့ဆုံ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မယ်တော်ဆေးခန်း၊ စီဒီစီအထက်တန်းကျောင်းနဲ့ နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) စတဲ့ လူမှုရေးလုပ်ငန်းလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့ ဒီကနေ့မှာတွေ့ဆုံခဲ့ပါတယ်။

2012.12.22

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့အတူ ကိုသက်လွင်၊ မယဉ်ယဉ်ဝိုင်းတို့ (၃)ဦး အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာ (အေအေပီပီ) မယ်တော်ဆေးခန်းနဲ့ နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့၊ Health and Earth Rights Training ကျောင်းနဲ့ စီဒီစီ မြန်မာစာသင်ကျောင်းကို လေ့လာခဲ့ပြီး တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံဆွေးနွေးခဲ့တဲ့ ခရီးစဉ်ကနေ ရရှိတဲ့ အချက်အလက်တွေကို မြန်မာအစိုးရတာဝန် ရှိသူတွေနဲ့ ဆက်လက်တင်ပြဆွေးနွေးဖို့ ပြင်ဆင်သွားမှာဖြစ်တဲ့အကြောင်းနဲ့ အထူးသဖြင့် နယ်စပ်ဒေသက မြန်မာကလေးတွေရဲ့ ပညာရေးကျန်းမာရေးနဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာတွေဟာ နိုင်ငံရဲ့အနာဂတ်အရေးလို့မြင်တဲ့အကြောင်း ကိုကိုကြီးက အခုလိုပြောပါတယ်။

" ပြည်တွင်းစစ်ပြဿနာ၊ တိုင်းရင်းသားတန်းတူညီမျှရေးပြဿနာ နောက်တခါ နိုင်ငံရဲ့ စီးပွားရေး လူမှုရေးအခက်အခဲတွေကြောင့်မို့လို့ ဒီလိုအိမ်နီးချင်းနိုင်ငံတွေထွက်လာပြီးတော့ ရွှေ့ပြောင်း အခြေချတဲ့သူတွေ ဒီမှာမွေးတဲ့ခလေးတွေ သူတို့ရဲ့ ပညာရေးကျန်းမာရေး လူဝန်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ကိစ္စကအစ နောက်တခါ အာဆီယံ one dream one community ဆိုတဲ့ အခြေ အနေမျိုးမှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကျနော်တို့ဘက်က ကြိုတင်ပြင်ဆင်ထားသင့် တာတွေပေါ့ အဲဒါတွေ ကျနော်တို့ဒီမှာ လေ့လာစရာတွေ နောက် အလေးအနက်ထားရမယ့် အချက်တွေ ကျနော်တို့အများကြီးရခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ တကယ်အကျိုးရှိတဲ့ ခရီးစဉ်ပါ။ အထဲရောက်တဲ့အခါမှာ တာဝန်ရှိတဲ့သူတွေအနေနဲ့လည်း ဒါကျနော်တို့ဒီဘက်က အခြေအနေ တွေကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးဖို့ ကျနော်တို့ ပြင်ဆင်သွားမှာပါ။"

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့တွေ့ဆုံစဉ်မှာ ဆွေးနွေးဖြစ်တဲ့ အကြောင်း အရားတွေနဲ့ပတ်သက်လို့ ဒေါက်တာစင်သီယာမောင်က လည်း အနာဂတ်မြန်မာနိုင်ငံနဲ့ ပတ်သက်တာတွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်။

" အနာဂတ်အာဆီယံဖြစ်လာတဲ့အချိန်မှာ ကျန်းမာရေးပညာရေးစနစ်က နိုင်ငံ (၂) နိုင်ငံလုံးကို လက်လှမ်းမှီနိုင်တဲ့ ကျန်းမာရေးပညာရေး စနစ်တွေဖြစ်လာဖို့ ရေရှည်စီမံကိန်းတွေလိုအပ်တယ် ပေါ့နော်၊ ပြည်တွင်းထဲမှာရှိတဲ့ ဒီကျန်းမာရေးပညာရေးကိစ္စတွေကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒီလိုနယ်စပ်ဒေသဖွံ့ဖြိုးရေးကို အာရုဏ်စူးစိုက်ပြီးတော့လည်း ဒီတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖြစ်စေ။ အာဆီယံတစ်ခုလုံး အတိုင်းအတာနဲ့ဖြစ်စေပေါ့ စဉ်းစားဖို့ဆိုတာမျိုးကို ကျမတို့ဆွေးနွေးတင်ပြတယ်"

နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရေးအသင်း အေအေပီပီရဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး ရာမှတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ တွေကို နိုင်ငံရေး အကျဉ်းသားလို့ အစိုးရက တရားဝင် အသိအမှတ်ပြုဖို့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေကို နိုင်ငံပြန်လည်ထူထောင်ရေးမှာ ပါဝင် ခွင့်ရလာအောင် ဆက်ပြီးဆွေးနွေးဖို့၊ နာမည်ရှိတဲ့ ထင်ရှားတဲ့သူတွေလွတ်သွားပြီးနောက်ပိုင်း   ထောင်ထဲမှာ ကျန်ရှိနေတဲ့နိုင်ငံရေး အကျဉ်းသားတွကို မေ့လျော့ခံအခြေအနေမျိုး မဖြစ်ရလေအောင် လွတ်မြောက်ရေးအတွက် ပိုအားစိုက်လုပ်ဆောင်ဖို့ကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။