ကွန်ယက်အဖွဲ့အစည်းတွေ တိုးချဲ့ဖွဲ့စည်းဖို့ တိုက်တွန်း

ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ အရပ်ဘက်လူ့အဖွဲ့အစည်း အင်အား တောင့်တင်းခိုင်မာရေးက အဓိကကျတဲ့အတွက် မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ကွန်ယက်အဖွဲ့အစည်းတွေ တိုးချဲ့ဖွဲ့စည်း လုပ်ဆောင်ဖို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။

2012.03.30
min-ko-naing-youth-net-work-b305 ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်က မြန်မာနိုင်ငံတဝန်း လူငယ်ကွန်ယက်အဖွဲ့များ ပေါ်ပေါက်ရေး ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် စကားပြောကြားနေစဉ်။
RFA

မြန်မာနိုင်ငံတဝန်း လူငယ်ကွန်ယက်အဖွဲ့တွေ ပေါ်ပေါက်ရေးကို ရည်ရွယ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ကြည့်မြင်တိုင်မြို့နယ်က မျိုးဆက်သစ်လူငယ်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်က-

"တိုင်းပြည်မှာ အရပ်ဘက် လူ့အဖွဲ့အစည်း အားမကောင်းရင် လက်နက်ကိုင် အဖွဲ့အစည်းက အားကောင်းသွားလိမ့်မယ်။ အဲတာဆိုလို့ရှိရင် ကျွန်တော်တို့က စစ်အာဏာရှင်ထဲကိုပဲ တစ်ကျော့ပြန်ပြီးတော့ လည်နေအုံးမှာပဲ။

အဲတာကြောင့် အရပ်သားတွေ ဖွဲ့စည်းတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်းဖို့ ရည်ရွယ်တာပါ။ နောက်တစ်ချက်ကတော့ လွှတ်တော်အတွင်းမှာ ဝင်ရောက်ပြီးတော့ နိုင်ငံရေးပါတီတွေက ကြိုးပမ်းနေကြတဲ့ အချိန်မှာ လွှတ်တော်ရဲ့ အပြင်ဘက်မှာ ကျွန်တော်တို့က အင်အားစုတွေ အနေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို အားကောင်းအောင် ကြိုးစားကြတာပဲ။

အဓိက ကတော့ ပရဟိတလုပ်ငန်းတွေ လုပ်နေတဲ့ မြို့နယ်အသီးသီးက အဖွဲ့တွေ စုပေါင်းလုပ်ဖို့ပါပဲ။ ပြီးတော့ တရားမျှတရေးဆိုတဲ့ justic အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ရမယ်။ ဥပဒေပညာရှင်တွေကို မဏ္ဍိုင်ထားပြီးတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ဖွ့ဲသင့်တယ်" လို့တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားမှာ လူထုအုံကြွမှုတွေအတွင်း ကျဆုံးခဲ့တဲ့ ကြည့်မြင်တိုင်မြို့နယ်က ကျောင်းသားလူငယ်တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားလည်း ကျင်းပခဲ့ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ကြည့်မြင်တိုင် လူငယ်ကွန်ယက်အဖွဲ့ဝင်တွေနဲ့ အဖွဲ့အစည်း အသီးသီးက တက်ရောက်လာသူတွေ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။