နိုင်ငံရေးမှာ တပ်မတော်ပါဝင်မှု အကြွင်းမဲ့ဖယ်ရှားပေးဖို့ ရှစ်လေးလုံး အခမ်းအနားကနေ တောင်းဆို

2019-08-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနေ့ကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ၂၀၁၉ သြဂုတ် ၈ ရက်နေ့ကကျင်းပစဉ်
၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနေ့ကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ၂၀၁၉ သြဂုတ် ၈ ရက်နေ့ကကျင်းပစဉ်
Photo: Kyaw Htoon Naing/RFA
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်အနှစ်သာရဖြစ်တဲ့ ဒီမိုကရေစီစနစ် ရှင်သန်ရေးနဲ့ မျက်မှောက်ကာလရဲ့ နိုင်ငံရေးလိုအပ်ချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါဝင်နေမှုကို အကြွင်းမဲ့ ဖယ်ရှားပေးဖို့ ရှစ်လေးလုံးနေ့ အခမ်းအနားကနေ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာကျင်းပတဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၁ နှစ်ပြည့် အခမ်းအနားကနေ သဘောထားကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးမြအေးနဲ့ ဦးကိုကိုကြီး တို့က ဟောပြောခဲ့ကြပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်ခြင်း မရှိသေးသလို ဒီမိုကရေစီ တိုက်ပွဲကာလတလျှောက်မှာ ကျဆုံးခဲ့သူတွေ စွန့်လွှတ်ပေးဆပ်ခဲ့ကြသူတွေအတွက် တရားမျှတမှုကို မဖော်ဆောင်နိုင်သေးကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ပြောကြပါတယ်။

ဒီနေ့ထုတ်ပြန်ချက်ထဲမှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ အမျိုးသားအင်အားစုအားလုံး ပါဝင်တဲ့ ညီလာခံတစ်ရပ်ကျင်းပနိုင်ရေး ဆိုတဲ့ ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုကြေညာစာတမ်းပါ တောင်းဆိုချက်တွေကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘူးလို့လည်း ဖော်ပြထားပါတယ်။

ဒီအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ အပါအဝင် လူဦးရေ တစ်ထောင်ခန့် တက်ရောက်ခဲ့ပါတယ်။

ဒီနေ့အခမ်းအနားမှာ ရှစ်လေးလုံးအရေးတော်ပုံ မှတ်တမ်းဓာတ်ပုံပြပွဲလည်း ပါဝင်ပါတယ်။

အလားတူ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ တရုတ်မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ်ရာဒေသ ABSDF မြောက်ပိုင်း ဗဟိုဌာနချုပ် တို့မှာလည်း ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။

(RFA သတင်းထောက် ကိုကျော်ထွန်းနိုင်နဲ့ မဇာဏီထွဏ်း ပေးပို့သည်)
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့