အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ အပစ်ရပ် ၈ဖွဲ့ တေ့ွဆုံ
2017.10.16

အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နဲ့ ဒီကနေ့ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားမှုတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
"သူ့မိန့်ခွန်းပါတဲ့အတိုင်းပါပဲ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA လမ်းကြောင်းအတိုင်းလုပ်မယ်၊ လက်မှတ် မထိုး သေးတဲ့အဖွဲ့တွေကို တံခါးဖွင့်ဖိတ်ခေါ်မယ်၊ NCA လမ်းကြောင်းကမဟုတ်ဘဲနဲ့ တခြားနည်းနဲ့တော့ လက်မခံ နိုင်ဘူးပေါ့၊ အဲသလိုတော့ပြောပါတယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်းပဲ တတ်နိုင်သလောက် ကျစ်ကျစ် လစ်လစ် လုပ်ဖို့ပေါ့လေ၊ ပုံကြီးမချဲ့ကြဖို့ပေါ့၊ ကျယ်ကျယ်ပြန့်ပြန့် တစ်နိုင်ငံလုံး အတိုင်းအတာ ဆွေးနွေးပွဲတို့၊ တစ်နိုင်ငံလုံးအတိုင်းအတာ နိုင်ငံရေးပွဲတို့လိုဟာမျိုးတွေဆိုရင် ထိန်းရသိမ်းရလည်း ပိုခက်တာပေါ့လေ၊ ဒါ့ကြောင့် ခြေနိုင်လက်နိုင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အဲဒါလေးတော့သူမှာပါတယ်၊ ပုံကြီးမချဲ့သင့်ဘူးဆိုတာ သတိပေးလိုက်ပါတယ်"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သွေးအေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လက်တွေ့ ဆက်လက်လုပ်ဆောင်ရမယ့် အစည်းအဝေးကိစ္စတွေကို ဆက်တိုက်လုပ်ဆောင်သွားဖို့ တိုက်တွန်းခဲ့ တယ်လို့ ပြောပါတယ်။
အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ဟာ နေပြည်တော်မှာ မနေ့က ကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးမှု ၂ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ် NCA ကို ပြီးခဲ့တဲ့ အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။