ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်ကြောင်း စွပ်စွဲဖမ်းဆီး ခံထားရသူ ၈ ဦး လွတ်မြောက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ AA ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးတရားစွဲဆို ခံထားရသူတွေထဲက ၈ ဦးကို ကျောက်တော်မြို့နယ် တရားရုံးက မနေ့က ပြန်လွှတ်လိုက်ပါတယ်။

တရားစွဲခံထားရတဲ့ ၃၂ ဦးထဲက သူတို့ ၈ ဦးဟာ AA နဲ့ ဆက်နွယ်မှုရှိပေမယ့် အမှုကနေ ကင်းလွတ်ခွင့် ရှိတာကြောင့် စွဲချက်မတင်မီ ပြန်လွှတ်ပေးလိုက်တာလို့ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင် က ပြောပါတယ်။

"သူတို့ကို ကျနော်တို့က ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က) အရ စွဲချက်မတင်မီ လွှတ်လိုက်တယ်ပေါ့ဗျ၊ အားလုံး ၃၂ ယောက်ရှိတယ်၊ ၃၂ ယောက်ထဲ အခု ၈ ယောက်လွှတ်လိုက်တယ်ပေါ့ဗျ၊ တရားရုံးက အမှုကနေ ပြီးတော့ ပြန်လည်ရုပ်သိမ်းခွင့်ပြုပြီးတော့ လွှတ်တာပေါ့ဗျာ"

ကျောက်တော်မြို့နယ် တရားရုံးမှာ ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး မတရားအသင်း အက်ဥပဒေတွေ နဲ့ အမှုရင်ဆိုင်နေရသူ ၃၂ ဦးရှိပြီး အဲ့ဒီအထဲက ၈ ဦးကို ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

မနေ့က ပြန်လွှတ်ပေးလိုက်တဲ့ လူ ၈ ဦးဟာ ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာအုပ်စု ကုလားချောင်းနဲ့ ပင်လုံကျေးရွာတွေက မြိုတိုင်းရင်းသားတွေဖြစ်ကြပါတယ်။

သူတို့ ၈ ဦးဟာ ရက္ခိုင့်တပ်မတော်ရဲ့ အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့သူတွေဆိုပြီး ပြီးခဲ့တဲ့ မေလ ဒုတိယပတ်အတွင်းက ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတာဖြစ်ပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ဟာ ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။