ကိုယ်စားလှယ်လောင်း ၉၆ ဦးကို စတင်စိစစ်

လာမယ့် ၂၀၁၇ ခုနှစ်ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည် စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း ၉၆ ဦးကို သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေက ဒီနေ့စတင်စိစစ်နေပြီ ဖြစ်ပါတယ်။

ခရိုင်ရွေးကောက်ပွဲကော်မရှင်အသီးသီးက စိစစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို လာမယ့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ ကြေညာပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း က ပြောပါတယ်။

"ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်တဲ့သူက ၅၀ ရှိတယ်။ အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားတဲ့သူတွေက ၁၅ ယောက်ရှိတယ်။ တိုင်းနဲ့ ပြည်နယ်မှာ ၃၁ ယောက်ရှိတယ်။ အားလုံးပေါင်း ၉၆ ယောက်ရှိတယ် အမည်စာရင်း တင်သွင်းထားတာပေါ့။ အဲဒါကို ကျနော်တို့က စိစစ်ပြီးတော့မှ ဇန်နဝါရီ ၂ ရက်နေ့မှ ခရိုင်တွေက စိစစ်ပြီးတဲ့ဟာကို အတည်ပြုကြေညာမှာ အခုဟာက စစ်နေတုန်းပဲဆိုတော့ ကျနော်တို့ ပြောလို့မရလို့ပါ"

ကြားဖြတ်ရွေးကောက်ပွဲကို ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်းနဲ့ ကယားပြည်နယ်တွေက လစ်လပ် မဲဆန္ဒနယ်မြေ ၁၉ ခုမှာ ကျင်းပသွားမှာဖြစ်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီ ၂၄ ခုက ကိုယ်စား လှယ်လောင်း ၉၆ ဦး အမည်စာရင်း တင်သွင်းထားတာဖြစ်ပါတယ်။

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁)နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် မှုဆောင်ကော်မတီဝင် ဦးကျော်ခင် က ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းပေးသွင်းထားပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဦးစိုင်းလင်းမြတ် က ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကော်မရှင်ထံ အမည်စာရင်းတင်သွင်း ထားပါတယ်။

ဦးကျော်ခင်ဟာ ဦးစိုင်းလင်းမြတ်ရဲ့ ယောက္ခမဖြစ်တာကြောင့် မဲဆန္ဒနယ်တစ်ခုတည်းမှာ ဝင်ရောက်အရွေးခံမှု အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း က ဆွေမျိုး သားချင်းတွေကို မဲဆန္ဒနယ်တစ်ခုတည်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဥပဒေအရ ကန့်သတ်ထားတာမရှိကြောင်းနဲ့ ဥပဒေနဲ့အညီသာ စိစစ်ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကြံခိုင်ဖွံ့ဖြိုးရေးပါတီက လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာလုံးကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း ရှမ်းပြည်နယ် အတွင်းက လစ်လပ်မဲဆန္ဒနယ် ၇ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းပေးထားပါတယ်။