ဘင်္ဂလားဒေ့ရှ် မြန်မာ ရေပိုင်နက်ပြဿနာ ဘင်္ဂလားဒေ့ရှ် အနိုင်ရ

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာဥပဒေဆိုင်ရာ တရားခုံရုံး (ITLOS) က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား အငြင်းပွားနေတဲ့ ရေပိုင်နက်ပြဿနာကို မတ်လ ၁၄ ရက် မနေ့က အပြီးသတ် အမိန့်ချမှတ်ခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အနိုင်ပေးလိုက်ပါတယ်။

တရားရုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်စား တရားရင်ဆိုင်ခဲ့သူ အဖွဲ့ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က မိမိတို့ မျှော်မှန်းတာထက် ပိုပြီးပေါက်မြောက် အောင်မြင်ခဲ့တယ်လို့ ဂျာမနီနိုင်ငံကနေ သူ့နိုင်ငံကို ဖုန်းဆက်အကြောင်းကြား ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပင်လယ်ပြင်ရေပိုင်နက် အကျယ်အဝန်း စတုရန်းကီလိုမီတာ တစ်သိန်း ခုနစ်ထောင် ပိုင်ဆိုင်သင့်ကြောင်း တောင်းခံခဲ့ရာမှာ တရားရုံးက စတုရန်းကီလိုမီတာ တစ်သိန်း တစ်သောင်း တစ်ထောင်အထိ ပေးအပ်လိုက်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကမ်းခြေကနေ မိုင်နှစ်ရာ အကွာအဝေးထိ သီးသန့်စီးပွားရေးဇုန်အဖြစ် ပိုင်ဆိုင်ကြောင်း တရားခုံရုံးက အသိအမှတ်ပြုလိုက်တဲ့အပြင် နှစ်နိုင်ငံနယ်စပ် ရေပိုင်နက်ကိစ္စအတွက် စိန့်မာတင်ကျွန်းကို အခြေခံ သတ်မှတ်ရာမှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံံဘက်ကို အသာပေးခဲ့တဲ့အတွက် မိမိတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်အားလုံး ပြည့်ဝခဲ့ပြီလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မိုနီက ပြောပါတယ်။

ဒီဆုံးဖြတ်ချက်တွေကို ITLOS တရားရုံး တရားသူကြီး ၂၂ ဦးအနက် တရားသူကြီး ၂၀ ရဲ့ထောက်ခံချက်နဲ့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

ဒီအကြောင်း အသေးစိတ်ကို ဦးကိုကိုအောင်က တင်ပြထားပါတယ်။

မေးမြန်းတင်ပြချက်။

အသံဖိုင်ယူရန်။