စဉ်းစားဆင်ခြင်မှုဦးစီးတဲ့ အရေး၊ အဖတ် သင်တန်း ချင်းမိုင်မှာ ပို့ချ


2015.01.19

ပညာသင်ကြားနည်းစနစ် ဖွံ့ဖြိုးလာဖို့အတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံက ဆရာ၊ ဆရာမ ၃ဝ နီးပါးကို စဉ်းစား တွေးခေါ် တဲ့ စာသင်ခန်းအဖွဲ့ Thinking Classroom Foundation က ဦးဆောင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ရွှေ့ပြောင်းအလုပ် သမားများ ပညာရေးဌာနမှာ ဒီနေ့ကစပြီး သင်ကြားနည်းစနစ်သစ်တွေကို ပို့ချသင်ကြားပေးနေပါတယ်။

မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေကို ပညာသင်ကြားရာမှာ ဆရာ၊ ဆရာမတွေအနေနဲ့ စဉ်းစားဆင်ခြင်တဲ့ နည်းစနစ်တွေ အသုံးပြုသင်ကြားနိုင်ဖို့နဲ့ ဒီသင်ကြားနည်းစနစ်တွေကို ဆရာ ဆရာမတွေအကြား ပြန်လည်ဆင့်ပွား ပို့ချနိုင်ဖို့အတွက် အခုလို ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားများ ပညာရေးဌာနက တာဝန်ခံဆရာ စိုင်းဆိုင်လိမ်ခမ်းက RFA ကို ပြောပါတယ်။

"ဆရာတွေကို သင်နည်းတွေးခေါ်မှုမှာ အဆင့်အတန်းမြင့်လာဖို့ နောက်တစ်ခါ အတွေးအခေါ် အမျှော်အမြင် မှုပေါ့နော်၊ ကျောင်းသားတွေမှာ ပိုပြီးတော့ အားကောင်းလာဖို့အတွက် သင်နေပါတယ်၊ နောက်တစ်ခါ ဆရာ၊ ဆရာမတွေကို အလွတ်ကျက်ပြီး သင်ရတဲ့နည်းထက် ကျောင်းသားတွေကို ဗဟိုပြုပြီးမှ ကျောင်းသားတွေရဲ့ အတွေးအခေါ်မြင့်မားလာအောင် ကျောင်းသားတွေကို ပြန်လှန်ဆွေးနွေးလာအောင် သူတို့ကို အရည် အချင်းမြှင့်တင်ပေးတဲ့သဘောပါ၊ အဓိကကတော့ ကလေးတွေကို ပိုပြီးတော့မှ တွေးခေါ်မျှော်မြင်မှုမှာ ပိုပြီးတော့မှစွမ်းအားမြှင့်အောင် လုပ်ပေးချင်တဲ့ရည်ရွယ်ချက်တစ်ခုပါ"

ဒီလိုသင်ကြားနည်းစနစ်တွေ သင်ကြားပို့ချရတာဟာလည်း ဟောင်းနွမ်းနေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကြောင့် ကျောင်းသူ၊ ကျောင်းသားတွေဟာ အလွတ်ကျက်ဖြေနေရပြီး အတန်းအောင်သွားကြပေမဲ့၊ လက်တွေ့မှာ တတ်သင့်တတ်ထိုက်တဲ့ စာပေဗဟုသုတ နည်းပညာတွေကို တတ်မသွားကြတဲ့အတွက် နိုင်ငံတကာမှာ အသုံးပြုသင် ကြားနေတဲ့ ဒီနည်းစနစ်သစ်တွေကို သင်ကြားပို့ချပေးတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

RWCT ခေါ် စဉ်းစားဆင်ခြင်မှုဦးစီးတဲ့ အရေး၊ အဖတ် သင်တန်းကို ၃ လကြာ ပို့ချပေးမှာဖြစ်ပြီး ဒီသင်တန်း ကို မြန်မာနိုင်ငံ နေရာအနှံ့မှာရှိတဲ့ ဘုန်းကြီးကျောင်းသင်ပညာရေး စာသင်ကျောင်းတွေ၊ ပုဂ္ဂလိက စာသင်ကျောင်းတွေနဲ့ ပရဟိတ စာသင်ကျောင်းတွေက ဆရာ၊ ဆရာမတွေ တက်ရောက်သင်ကြားနေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။