အစိုးရဖွဲ့နိုင်တဲ့ အရေအတွက် ကျော်လွန်ပြီလို့ NLD ထုတ်ပြန်

စောဖိုးခွား
2020.11.10
DASSK-622 မန္တလေးမှာ NLD ထောက်ခံသူတွေ အောင်ပွဲခံနေကြစဉ်
AFP

(၂၀၂၀) ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အစိုးရဖွဲ့နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကိုကျော်လွန်သွားပြီလို့ ဒီကနေ့ ည(၆) နာရီမှာ NLD ကထုတ်ပြန်လိုက်ပါတယ်။

NLD ပါတီရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း (၂၄၀) နဲ့ အမျိုးသားလွှတ်တော်အတွက် (၁၆၁) နေရာ အနိုင်ရထားပြီလို့ ကြေညာထားတာပါ။

ဒါကြောင့် ပြည်ထောင်စုလွှတ်တော်တွင်းမှာ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်လောင်း (၃၂၂) ယောက်ကို ကျော်လွန်သွားပြီလို့ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်တွေနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက်တွေအရတော့ NLD ပါတီဟာ ပြည်သူ့လွှတ်တော်မှာ (၃၁) နေရာ၊ အမျိုးသားလွှတ်တော်မှာ (၁၁) နေရာရထားပါတယ်။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ''ကျနော်တို့အစိုးရဖွဲ့နိုင်တဲ့ ပြည်ထောင်စုလွှတ်တော်နေရာအနေအထားရရှိပြီလို့ ကျနော်မှန်းပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲထက်ပိုနိုင်ပါတယ်၊ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကျနော်တို့ပြောခဲ့ပြီးသားပါ၊ ၂၀၁၅ ထက်အောင်မြင်မှုရမယ်ဆိုတာ ကျနော်တို့ပြောခဲ့ပြီးသားပါ'' လို့ RFA နဲ့ မနေ့က သီးသန့်အင်တာဗျူးမှာ ပြောထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်တွေ နှေးနေတယ်လို့လည်း သူကဆိုပါတယ်။

"ထုတ်ပြန်တဲ့နှုန်းကတော့ အင်မတန်နည်းတယ်။နှေးတယ်လို့ပြောရမယ်။တကယ်တမ်းထုတ်ပြန်ရင်သုံးလေးရက်အတွင်းမှာ အပြီးထုတ်ပြန်နိုင်လောက်တယ်" လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်ရွေးကောက်ပွဲမှာ ရှစ်ဆယ်ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ (၂၅၅) နေရာနဲ့ အမျိုးသားလွှတ်တော်မှာ (၁၃၅) နေရာ အနိုင်ရထားတာဖြစ်ပါတယ်။

ကိုယ်စားလှယ်(၆ဝဝ) ကျော်ရှိတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အစိုးရဖွဲ့နိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း (၃၂၀) ကျော် အနိုင်ရဖို့လိုတာဖြစ်ပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။