ရိုဟင်ဂျာတွေနေရပ်ပြန်ဖို့ အချိန်မကျသေးကြောင်း NGO တွေပြောကြား

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မကြာခင် နေရပ်ပြန်ပို့ရေးကိစ္စဟာ အန္တရာယ်များပြီး စောလွန်းနေတဲ့အပြင် ဒုက္ခသည်တွေအနေနဲ့လည်း နေရပ်ပြန်ရမှာကို အတော်လေး စိုးရိမ်နေကြတယ်လို့ NGO အဖွဲ့တွေက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကို ဘင်္ဂလားဒေ့်နိုင်ငံ ကော့စ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းတခုတွင် ၂ဝ၁၈ အောက်တိုဘာလ ၃၁ ရက်နေ့က တေ့ွရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မကြာခင် နေရပ်ပြန်ပို့ရေးကိစ္စဟာ အန္တရာယ်များပြီး စောလွန်းနေတဲ့အပြင် ဒုက္ခသည်တွေအနေနဲ့လည်း နေရပ်ပြန်ရမှာကို အတော်လေး စိုးရိမ်နေကြတယ်လို့ NGO အဖွဲ့တွေက ပြောလိုက်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီချက်အရ နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး တရက်ကို ဒုက္ခသည်ဦးရေ ၁၅ဝ နှုန်းနဲ့ စုစုပေါင်း ၂၂ဝဝ ကျော်ကို ပထမဆုံးအသုတ်အနေနဲ့ လက်ခံသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် နေရပ်ပြန်ပို့ရေးအစီအစဉ်ဟာ ရခိုင်ပြည်နယ်မှာ ဒီဒုက္ခသည်တွေရဲ့ လုံခြုံရေးစိတ်ချရမှုနဲ့ သူတို့ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ချင်မှသာ ဖြစ်သင့်တယ်လို့လည်း လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၄၂ ဖွဲ့ကနေ ဒီကနေ့ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီကိစ္စမှာတာဝန်ရှိတဲ့ စစ်အရာရှိကြီးတွေကို အရေးယူဖို့အတွက်လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။

ဒါ့အပြင် အခုလို ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးအစီအစဉ်မှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခွင့်ရဖို့ လိုအပ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee အပါအဝင် အာဆီယံလွှတ်တော်အမတ်တွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒုက္ခသည်တွေ နေရပ်ပြန်မယ့်အစီအစဉ်ကို ခေတ္တရပ်ဆိုင်းထားဖို့ မကြာသေးခင်ကပဲ တောင်းဆိုထားကြတာပါ။

မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်ပြန်မယ့်ကိစ္စ ဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိကြောင်းနဲ့၊ ရခိုင်ပြဿနာကို မြန်မာအစိုးရအနေနဲ့ အောင်မြင်အောင် ဖြေရှင်းသွားမှာဖြစ်တယ်လို့ RFA ကို ပြောဆိုခဲ့ပါတယ်။

အခု လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြတဲ့ NGO ၄၂ ဖွဲ့ထဲမှာ… မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ World Vision, Save the Children and Oxfam တို့လည်း ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org