ပဲခူးတိုင်းအနောက်ပိုင်း၊ ကြို့ပင်ကောက်မြို့နယ် ညောင်ပင်အိုင်ရွာအနီး စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၅ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်လို့ အသက်၂ဝ အရွယ် ကိုဖြိုးကျော်ဟန် သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာမှ မိသားစုဆီ ပြန်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
"ဘယ်ဘက်ရင်အုံ ပွင့်ထွက်သွားတယ်။ ခြေထောက်တစ်ချောင်းလည်း ကျိုးသွားတယ်။ အလောင်းကို ဖေဖော်ဝါရီ ၈ ရက် နေ့လယ် ၁၁ နာရီမှာ ပြန်အပ်တယ်။ သင်္ဂြိုဟ်ခိုင်းတယ်ပေါ့။ သုဿာန်ရောက်မှ သူတို့ ကြည့်ခွင့်ရတယ်ပေါ့"
ကြို့ပင်ကောက်မြို့နယ် စိုင်ဂေါင်းရွာသားတွေဖြစ်တဲ့ ကိုဖြိုးကျော်ဟန်နဲ့ သူငယ်ချင်း ကိုရှိုင်းဝဏ္ဏထက်တို့ဟာ ဆိုင်ကယ်နဲ့ ညောင်ပင်အိုင်ရွာကို မင်္ဂလာဆောင်ဖိတ်စာ သွားဝေကြတာလို့ ဆိုပါတယ်။
ညောင်ပင်အိုင်ရွာအနီးက စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ သူတို့ဖုန်းထဲက NUG Profile တွေ့လို့ ဖုန်းအသိမ်းခံရပြီး ဆိုင်ကယ်မောင်းထွက်တဲ့အချိန်မှာ နောက်ကနေ သေနတ်နဲ့ပစ်ခံရပြီး ကိုဖြိုးကျော်ဟန်ကို ထိသွားတာလို့ ဆိုပါတယ်။
ကိုရှိုင်းဝဏ္ဏထက်လည်း ကြို့ပင်ကောက်မြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ အလယ်ကုန်းရဲစခန်းမှာ အဖမ်းခံထားရပြီး ဖေဖော်ဝါရီ ၈ ရက်နေ့က သူ့ကို ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ မိသားစုက တွေ့ခွင့်ရတယ်လို့ ပြောပါတယ်။
အခုအဖြစ်အပျက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
