တပ်မတော် အရာရှိတစ်ဦး ဘူးသီးတောင်တိုက်ပွဲမှာ ကျဆုံး


2019.04.09
army-gun-622.jpg ရခိုင့်တပ်မတော်က သိမ်းဆည်းရမိတဲ့ အစိုးရတပ်သားတွေရဲ့လက်နက်တွေကို တွေ့ရစဉ်
Photo: AA

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်က အထက်ဝါးနက်ရုံကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဧပြီလ ၅ရက်နေ့က အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦး အပါအဝင် ၁၂ဦး ကျဆုံးခဲ့တယ်လို့ AA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ရက်နေ့ မနက်ပိုင်းက တပ်မတော်ဘက် အင်အား ၁၅၀ ခန့်ရှိတဲ့  စခက ၅ လက်အောက်ခံ အမ်းအခြေစိုက် ခမရ ၃၇၃ နဲ့ ရခိုင်တပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၂ဦးကျဆုံးခဲ့တယ်လို့  AA အဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဲဒီနေ့တိုက်ပွဲမှာ အရာရှိတစ်ဦး ကျဆုံးတာ မှန်ကန်ကြောင်း၊ တခြားတပ်မတော်သား တချို့လည်း ကျဆုံးပေမယ့် AA အဖွဲ့ ထုတ်ပြန်တဲ့အရေအတွက်တော့ မဟုတ်ကြောင်း ပြောပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ရခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ပြောပါတယ်။

အဲဒီမှာ ဗမာစစ်တပ်ဘက်ကနေ အမ်းအခြေစိုက် ခမရ ၃၇၃တပ်ရင်းနဲ့ ရခိုင်တပ်မတော်စစ်ကြောင်းတွေနဲ့ ပစ်ကြတယ်၊ အဲဒီမှာ ဗမာစစ်တပ်ဘက် အတော်လေး အကျအဆုံးတွေများတယ်၊ ဗမာစစ်တပ်ဘက်က အကုန်လုံးဆိုရင် ၂၀ကျော်လောက်ကျဆုံးတယ်လို့ နောက်ပိုင်းသတင်းတွေအရ သိရတယ်၊ အရာရှိတယောက် အပါအဝင် ၂၀လောက်ကျဆုံးတာရှိတယ်

ဒီတိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က ပစ္စတိုသေနတ်တလက် အပါအဝင် လက်နက်တွေ၊ စစ်အသုံးဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဲဒီနေ့တိုက်ပွဲမှာ အရာရှိတစ်ဦးကျဆုံးခဲ့ကြောင်း အတည်ပြုပြောပါတယ်။

သူတို့ပါဆင်နယ်အကောင့်တွေကနေ တင်ထားတာတွေလည်းရှိတယ်၊ အရာရှိတယောက်ကျဆုံးတာရှိတယ် ဗိုလ်မှူးအဆင့်တော့မဟုတ်ပါဘူး၊ အရာရှိတယောက်ကျဆုံးတာရှိတယ်၊ အခြားစစ်သည်တချို့ ဒဏ်ရာရ ကျဆုံးတာရှိတယ်၊ သူတို့ထုတ်ပြန်တဲ့အရေအတွက်တော့ မဟုတ်ပါဘူး

RFA ရဲ့စုံစမ်းချက်အရ ဒီတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့အရာရှိဟာ ခမရ ၃၇၃ က စစ်တက္ကသိုလ် အပတ်စဉ် ၄၉ ဆင်း ဗိုလ်ကြီးချစ်ကိုကို ဖြစ်တယ်လို့  လူမှုစာမျက်နှာတွေနဲ့ အစိုးရသတင်းစာနာရေးကြေငြာ တွေဆီကနေ သိရပါတယ်။

ဒါပေမဲ့ တပ်မတော်သတင်းပြန်ကြားရေးနဲ့ အစိုးရသတင်းမီဒီယာတွေမှာ ဒီတိုက်ပွဲနဲ့ပတ်သက်လို့ တရားဝင်ထုတ်ထားတာတွေလည်း မရှိသေးပါဘူး။

တစ်ချိန်တည်းမှာလည်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော်ကြား တိုက်ပွဲတွေပြင်း ထန်ခဲ့ပြီး တပ်မတော်ဘက်က AA ရဲ့ စခန်းကုန်းနှစ်ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်ရက်ရယ် မနေ့ကရယ်က ကန်ဇောက်ဘက်နဲ့ မြောက်ဦးဘက်မှာ ထိတွေ့မှုတွေရှိတယ်၊ မြောက်ဦးဘက်မှာတော့ ကျနော်တို့က အရင်နေ့တုန်းက ကျနော်တို့ သူတို့ယာယီအခြေပြုနေတဲ့စခန်းနှစ်ခုကို သိမ်းရတယ်

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ခိုင်သုခက အခုလိုငြင်းဆိုပါတယ်။

အဲလိုဖြစ်စဉ်မျိုးမရှိဘူးဗျနော်၊ ကျနော်တို့က အဲလိုမျိုး အတည်တကျဆောက်ထားတဲ့ စခန်းမျိုးလည်း ဆောက်ထား တာမရှိဘူး၊ သူတို့ဘယ်နေရာကို သွားသိမ်းလို့ရလည်းဆိုတာတော့ ကျနော်တို့မသိဘူး ကျနော်တို့မှာ အဲမှာစခန်း မရှိဘူး

ဇန်နဝါရီလ ၄ရက်နေ့ကနေ မတ်လ ၂၈ရက်နေ့အထိ စာရင်းတွေအရ တိုက်ပွဲတွေအတွင်း AA အဖွဲ့ဝင် သေဆုံးသူ ၅၈ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၇ ဦး၊ အရပ်သား ၁၂ ဦး ရှိတယ်လို့ မတ်လ ၂၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ လူဦးရေ ၃၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။