ဘူးသီးတောင်ဘက်ကိုသွားတဲ့ ယာဉ်မောင်း ၁၆ ဦးကို AA ဖမ်းဆီး
2019.12.31
ရခိုင်ပြည်နယ် မောင်တောဒေသကိုသွားတဲ့ အစိုးရ ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို AA ရက္ခိုင့်တပ်တော်က ဒီနေ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဘူးသီးတောင်မြို့ကိုသွားတဲ့ အောင်တံခွန် (၇) ရေယာဉ်ပေါ်ကနေ ကုန်းလမ်း ပို့ဆောင်ရေး (ကပရ) က ယာဉ်မောင်း ၁၆ ဦးကို AA အဖွဲ့ က ဒီနေ့ နေ့လယ်က ဖမ်းဆီးသွားတယ်လို့ ဒေသအာဏာပိုင်တွေက ပြော ပါတယ်။
ဝန်ထမ်း ၁၈ ဦး လိုက်ပါသွားရာမှာ ၁၆ ဦးကိုဖမ်းဆီးသွားတာလို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန ရခိုင်ဌာနခွဲ တာဝန်ခံ ဦးအောင်လင်းက RFA ကို အတည်ပြုပြောပါတယ်။
“ကုန်းလမ်းပို့ဆောင်ရေးက ယာဉ်မောင်းဝန်ထမ်း ၁၈ ဦးလိုက်သွားတာ ၁၆ ဦးဖမ်းသွားပါတယ်ဗျ။ ကုန်းလမ်း ပို့ဆောင်ရေးက ယာဉ်မောင်းဝန်ထမ်းတွေဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကိုတော့ ဘူးသီးတောင်ကိုသွားမယ် ဆိုပြီးတော့ ဝန်ထမ်းအနေနဲ့ လက်မှတ်လာဖြတ်ကြတာပါ”
စစ်တွေ-ဘူးသီးတောင် အသွား ရသေ့တောင်မြို့နယ် စဖိုကျွန်းနဲ့ အုတ်ဖိုကျေးရွာကြားမှာ ရေယာဉ်ကိုရပ်တန့်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
ယာဉ်မောင်းဝန်ထမ်း ၁၈ ဦး လိုက်သွားတာ ၁၆ ဦးဖမ်းသွားတယ်
မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က AA အဖွဲ့က ဖမ်းဆီးသွားတဲ့ ဝန်ထမ်းတွေဟာ မောင်တောမြို့နယ်က ပြည်လည်လက်ခံရေးစခန်းတွေမှာရှိတဲ့ မော်တော်ကားတွေကို မောင်းဖို့အတွက် လာရောက်တဲ့ ဝန်ထမ်းတွေလို့ပြောပါတယ်။
“ကျွန်တော့ဆီလာတာတော့ ယာဉ်မောင်းတွေပဲဗျ။ ကျွန်တော်တို့ ဒီဘက်က UEHRD အစီအစဉ်မှာ လက်ခံရေး အစီအစဉ်မှာ ကားကြီးတွေရှိတယ်။ ပြန်ဝင်လာသူတွေအတွက် ကားကြီးတွေကို မောင်းဖို့လာတာ။ ကျွန်တော် ကလည်း အဲဒီအထဲမှာပါတဲ့ ယာဉ်မောင်းတွေထဲက တစ်ယောက်ပဲ အဆက်အသွယ်ရတာလေ။ ကျွန်တော်တို့ ရောက်ခါနီးပါပြီ လာကြိုပေးပါဦး ဆိုပြီးတော့ပေါ့။ ကျွန်တော်တို့ကလည်း ပို့ပေးမယ် အဲဒီစခန်းတွေကို သွားဖို့ အတွက်ပေါ့။ ကျွန်တော်သိသလောက်တော့ သူတို့လာတာ ၁၈ ယောက်ပါ။ အခုတော့ သင်္ဘောပြန်ထွက်လာပြီ ပြောတယ်။ အဲဒီအထဲက ဘယ်သူတွေ ပြန်ပါလာမလဲတော့ မသိရသေးဘူးပေါ့နော်။ ရောက်မှပဲပြန်ကြည့်ရမယ်”
ဒီနေ့လယ် ၁ နာရီ လောက်ကတည်းက သင်္ဘောနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ညနေပိုင်းမှာတော့ အဲဒီရေယာဉ်ဟာ ဘူးသီးတောင်မြို့ကို ဆက်လက် ထွက်ခွာလာပြီလို့ သိရကြောင်းလည်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AA အဖွဲ့ဝင် အင်အား ၇၀ လောက်ဟာ လှေ ခုနှစ်စီးနဲ့ ရေယာဉ်ဆီရောက်လာပြီး ဖမ်းဆီးသွားတာလို့ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သူ့ဆီကို သတင်းမရောက်သေးပေမယ့် မြေပြင်တပ်ဖွဲ့တွေက လိုအပ်ချက်အရ ခေါ်ယူစစ်ဆေးတာတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။
“ကျွန်တော့ဆီကိုလည်း ဘာမှ သတင်းရောက်လာတာတော့ မရှိသေးဘူးဗျ။ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိတာကတော့ ကျွန်တော်တို့ စစ်ပွဲဖြစ်နေတဲ့နေရာမှာ အပြင်ကမျက်နှာစိမ်းတွေ အစုလိုက်အပြုံလိုက် သွားလာတာ တွေ့လို့ရှိ ရင်တော့ လုံခြုံရေးလိုအပ်ချက်အရ ကျွန်တော်တို့ရဲ့ မြေပြင်တပ်ဖွဲ့တွေက ခေါ်ယူစစ်ဆေးတာတော့ရှိနိုင်တယ်ဗျ”
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်ဝင်လာမယ့် ဒုက္ခသည်တွေကို လက်ခံမယ့်စခန်းမှာ သယ်ယူပို့ဆောင်ရေးယာဉ်တွေ ကို အရင်က တပ်မတော်က တာဝန်ယူပြီး မောင်းခဲ့တာတွေ ရှိခဲ့တဲ့အတွက် အခုဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ယာဉ်မောင်းတွေဟာလည်း ကုန်းလမ်းပို့ဆောင်ရေးဌာနက ဝန်ထမ်းတွေ မဟုတ်ဘူးဆိုပြီး ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဒီနေ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကိုပြောဆိုခဲ့ရာမှာ အဲဒီယာဉ်မောင်းတွေဟာ ကုန်လမ်းပို့ဆောင်ရေးက ဝန်ထမ်းတွေဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ကနေ တောင်ဘဇာနယ်မြေကိုသွားတဲ့ လူဝင်မှု ကြီးကြပ်ရေးအရာရှိ သုံးဦးကို AA အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။