ဘူးသီးတောင်က နယ်ခြားစောင့်ရဲစခန်း ၄ ခုကို AA ဝင်ရောက်တိုက်ခိုက်


2019.01.04
aa-622.jpg ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော်၊ သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ကျောင်းတောင်၊ ခထီးလှ၊ ငမြင်းဘော်၊ ဂုတ်ပီ စတဲ့နယ်ခြားစောင့်ရဲစခန်း ၄ ခုကို AA အဖွဲ့က ဒီနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီက ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ပြောပါတယ်။

ဒီနေ့မနက် ၄ နာရီနဲ့ ၅ နာရီအချိန်တွေလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်မတော်ဘက်က စစ်ကူလိုက်တာတို့၊ နယ်မြေရှင်းလင်းရေးဆောင်ရွက်တာတို့ လုပ်ဆောင်နေကြောင်းလည်း ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ဒီနေ့မနက်မှာ RFA ကို ပြောပါတယ်။

စစ်ကူလိုက်တဲ့ စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ခိုက်မှုတွေ အခုထိရှိနေဆဲဖြစ်ပြီး တိုက်ခိုက်ခံရတဲ့စခန်းတွေရဲ့ အသေးစိတ်အခြေအနေတွေနဲ့ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ထဲမှာ တပ်မတော်က စစ်ဆင်ရေးကိစ္စရပ်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေကို အသုံးချတာ၊ ရဲတွေက ကျေးရွာသားတွေကို ခြိမ်းခြောင်မှုတွေရှိနေတာတွေကြောင့်ဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်မြို့နယ်တွေမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ပုဏ္ဏားကျွန်းမြို့နယ် သက်ပြေကျကျေးရွာအနီးမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးတစ်ဦးကို ရသေ့တောင်ဆေးရုံတင်ခဲ့ရာကနေ ဒီနေ့မနက်ပိုင်းမှာတော့ ဆေးရုံကဆင်းသွားပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့ ကျောင်းတောင်၊ ခထီးလှ၊ ငမြင်းဘော်၊ ဂုတ်ပီ စတဲ့ကျေးရွာတွေက နယ်ခြားစောင့်ရဲစခန်း ၄ ခုကို AA အဖွဲ့က ဒီနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ခထီးလှကျေးရွာမှာ ဒီနေ့မနက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း တပ်မတော်က ရဟတ်ယာဉ်နဲ့ ပစ်ကူပေးခဲ့တယ်လို့ ခထီးလှကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးဝေသာအောင်က RFA ကိုပြောပါတယ်။

"အေအေအဖွဲ့က စခန်းကို ဝိုင်းတိုက်တာပါ။ စခန်းကို မနက် ၆ နာရီခွဲလောက်မှာ ဝိုင်းတိုက်ပြီးတော့ ၇ နာရီခွဲလောက်မှာ တပ်က ရဟတ်ယာဉ်ရောက်လာပါတယ်။ ပြီးတော့ သူတို့က ပစ်ကူပေးလို့ ၈ နာရီ ၄၅ မိနစ်လောက်မှာ တိုက်ပွဲကပြီးဆုံးသွားတာပါ။ ရဟတ်ယာဉ်ပေါ်က ပစ်ကူပေးတော့ ရွာထဲမှာ ဝင်ခိုနေလို့ ရွာမှာ အိမ် ၇ ဆောင်မီးလောင်သွားတယ်။ အေအေအဖွဲ့တွေက ရွာထဲမှာ ခိုလှုံနေကြလို့လေ။ လူတွေကတော့ တစ်ယောက်မှ အထိအခိုက်မရှိကြဘူး။ အိမ် ၇ လုံးပဲ မီးလောင်သွားတာ"

ခထီးလှကျေးရွာမှာရှိတဲ့ နယ်ခြားစောင့်ရဲစခန်းကို AA တပ်ဖွဲ့ဝင် အင်အား ၃၀ ဝန်းကျင်လောက်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း AA တပ်ဖွဲ့ဝင်တွေက ကျေးရွာထဲမှာ ခိုလှုံလာတဲ့အတွက် တပ်မတော်ရဟတ်ယာဉ်က လက်နက်ကြီးနဲ့ ကျေးရွာထဲကို ဆက်လက်ပစ်ခတ်ရာမှာ နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ခထီးလှကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ပစ်ခတ်မှုတွေဖြစ်ပွားနေစဉ်အတွင်း ကျေးရွာ စာသင်ကျောင်းကို အားလုံးထွက်ပြေး ခိုလှုံနေခဲ့ကြတဲ့အတွက် ကျေးရွာသားတွေကိုတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း ခထီးလှနယ်ခြားစောင့်ရဲစခန်းက ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

AA အဖွဲ့ဘက်ကတော့ ကျဆုံးတာမကြားရပေမယ့် ၂  ဦး ဒဏ်ရာရသွားတယ်လို့ ကြားသိရတယ်လို့လည်း ပြောပါတယ်။

ဒီနေ့မနက်က နယ်ခြားစောင့်ရဲစခန်း ၄ ခု တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က စစ်ကူလိုက်ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီက ဗိုလ်မှူးကြီး ဇော်မင်းထွန်းက RFA ကို ဒီနေ့မနက်ပိုင်းက အခုလို ပြောပါတယ်။

"ကျနော်တို့ အတည်ပြုလို့ရသလောက်ကတော့ မနက် ၄ နာရီခွဲနဲ့ ၅ နာရီလောက်က အဲဒီရဲကင်းစခန်း ၄ ခု အတိုက်ခံရတယ်။ အေအေက လုပ်တာပါ။ ကျောင်းတောင်၊ ခထီးလှ၊ ငမြင်းဘော်၊ ဂုတ်ပီ ၄ ခုပါ။ ကျောင်းတောင်ဘက်က အနီးတစ်ဝိုက်မှာရှိတဲ့အဖွဲ့တွေနဲ့ ကြားကြားချင်းပဲ စစ်ကူလိုက်တာတို့၊ နယ်မြေရှင်းလင်းတာတို့ လုပ်နေတယ်။ ကျနော် ပြောနိုင်တာတစ်ခုကတော့ လိုက်သွားတဲ့ အဖွဲ့တွေနဲ့လည်း ထိတွေ့မှုဖြစ်နေတယ်လို့ သတင်းရတယ်။ ဟိုစခန်းတွေရဲ့အခြေအနေကိုတော့ ကျနော် အတိအကျမပြောနိုင်သေးဘူးဗျ"

ဒီတိုက်ခိုက်မှုတွေအတွင်း ငမြင်းဘော်ရဲစခန်းမှာ ဒုရဲအုပ် ၁ ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးပြီး ဂုတ်ပီရဲစခန်းဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရခဲ့သလို ကျောင်းတောင်ရဲစခန်းမှာ ရဲမှူးတစ်ဦးကျဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ နောက်ထပ် တပ်မတော်အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ဒီဖြစ်စဉ်တွေအတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦး၊ မှီခိုရဲမေ ၄ ဦးနဲ့ လဝက ဝန်ထမ်းတစ်ဦး တို့ကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ကနဦးရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး အဲဒီတပ်မတော် အရာရှိက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး AA ရက္ခိုင့်တပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ စစ်သုံ့ပန်း ၁၄ ဦးကို သူတို့ဖမ်းဆီးခဲ့တာ မှန်ကန်ပေမယ့် သူတို့ဟာ တပ်မတော်သားတွေသာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ လုံခြုံအောင် ထိန်းသိမ်းထားမှာဖြစ်တယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့တော့ သူက အခုလို ဆက်ပြောပါတယ်။

"အဲဒီဥစ္စာက ဒီနယ်ခြားစောင့်စခန်းဆိုပေမယ့် ရဲသက်သက်တော့ မဟုတ်ဘူး။ အဲဒီမှာ စစ်တပ်စစ်ကြောင်းတွေလည်း အဲဒီမှာဝင်ထွက်သွားလာတဲ့ စခန်းတွေဗျ။ နောက်ပြီးတော့ အဲဒီစခန်းက လက်နက်ကြီး ပစ်ကူပေးတဲ့စခန်းတွေလည်းဖြစ်တယ်။ တစ်ခါတစ်ခါ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တဲ့နေရာတွေကို အဲဒီစခန်းတွေက လက်နက်ကြီး ပစ်ကူပေးတာတွေရှိတယ်။ အခုနယ်ခြားစောင့်စခန်းတွေကို ကျနော်တို့က တိုက်ခိုက်ရတယ်ဆိုတာကလည်း ကျနော်တို့က အရင်တည်းက သူတို့ကို သတိပေးစာ ထုတ်ပြန်ထားတာရှိတယ်ဗျ။ ဒီနယ်ခြားစောင့်ရဲတွေအနေနဲ့ ရဲအလုပ်ကိုပဲလုပ်ဖို့ ကျနော်တို့ တင်းတင်းကျပ်ကျပ် ပြောထားပြီးသားရှိတယ်။ ဒီအတွက် ကျနော်တို့ဘက်ကလည်း လိုအပ်သလို တုံ့ပြန်တိုက်ခိုက်ရတာဖြစ်တယ်"

နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်ရတဲ့ရည်ရွယ်ချက်ထဲမှာ တပ်မတော်က စစ်ဆင်ရေးကိစ္စရပ်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေကို အသုံးချတာ၊ ရဲတွေက ကျေးရွာသားတွေကို ခြိမ်းခြောက်မှုတွေရှိနေတာတွေကြောင့်လည်း ပါဝင်တယ်လို့ ခိုင်သုခက ပြောပါတယ်။

ဒီနေ့မနက်ကဖြစ်စဉ်တွေအတွင်း AA အဖွဲ့က ၂ ဦး ကျဆုံးမှုရှိတယ်လို့လည်း အတည်ပြုပြောပါတယ်။

ခထီးလှကျေးရွာအနီးမှာ တပ်မတော်က တပ်စွဲထားပြီး နေ့လယ်ပိုင်းအချိန်အထိ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်မြို့နယ်တွေမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်လာနေသလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူအရေအတွက်ဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေပါတယ်။

တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေဟာ အရပ်သားတွေနေတဲ့ ကျေးရွာထဲကို ကျရောက်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ နံနက်ကဆိုရင် ရသေ့တောင်မြို့နယ် သက်ပြေကျကျေးရွာအနီးကို လက်နက်ကြီးတွေ အဆက်မပြတ်ကျရောက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။