WFP ထောက်ပံ့တဲ့ပစ္စည်းတွေကို အလွဲသုံးစားလုပ်တာ လက်မခံ


2019.05.03
aa-commissariat-622 ရခိုင့်တပ်မတော် AA စခန်းတစ်ခုမှာ တွေ့ရှိခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တံဆိပ်ပါ ဆန်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တံဆိပ်ပါ ဆန်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ရခိုင့်တပ်မတော် AA စခန်းတစ်ခုမှာ တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အချက်အလက်တွေ ရှာဖွေရာမှာ အစိုးရကို ကူညီဖို့အသင့်ရှိနေတယ်လို့ WFP ရဲ့ ပူးပေါင်းဆောင်ရွက်ရေးအရာအရှိ Silja Lehtinen က RFA ကို ဒီနေ့ ပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်း သိမ်းပိုက်ရရှိခဲ့တဲ့ AA လေ့ကျင့်ရေးစခန်းအနီးတဝိုက်မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေကို လှူဒါန်းထားတဲ့ ရိက္ခာပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး WFP ရဲ့ ပူးပေါင်းဆောင်ရွက်ရေးအရာရှိ Silja Lehtinen က ကုလ အနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီလိုအပ်နေသူတွေကို ပေးအပ်လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေကို အလွဲသုံးစားလုပ်တာ၊ ရောင်းချတာတွေအပေါ် လုံးဝလက်သင့်မခံတဲ့ မူဝါဒထားရှိကြောင်းနဲ့ ဒီကိစ္စအပေါ် အစိုးရဖက်က အချက်အလက်တွေ ရှာဖွေဖို့ ကူညီသွားမယ်လို့ RFA ကို email က တဆင့် ဖြေကြားပါတယ်။

ဒီပြန်စာမှာ WFP အနေနဲ့ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့ စစ်ဘေးနဲ့ သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်ရသူ တစ်သန်းနီးပါးကို ကူညီထောက်ပံ့ခဲ့ပြီး လက်ရှိ ပူးပေါင်းလုပ်ကိုင်နေတဲ့ အဖွဲ့အစည်း၊ အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ဒုက္ခသည်တွေကို လိုအပ်တဲ့ အကူအညီတွေ ဆက်လက်ပေးအပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့အကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေမှာ နေထိုင်တဲ့ လူဦးရေ ကိုးသောင်းငါးထောင်ခန့်အတွက် ကျန်းမာရေးနဲ့ ပညာရေးစတဲ့ အခြေခံဝန်ဆောင်မှုတွေ မရရှိဘဲဖြစ်နေပြီး စားဝတ်နေရေး၊ စိုက်ပျိုးရေးနဲ့ ဖွံဖြိုးတိုးတက်ရေး အထောက်အကူလုပ်ငန်းတွေလည်း ရပ်တန့်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ဧပြီလမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ်။

WFP တံဆိပ်ပါ အကူအညီတွေ AA စခန်းမှာတွေ့ရှိခဲ့တယ်ဆိုတဲ့ တပ်မတော်က ထုတ်ပြန်ကြေညာပြီးတဲ့နောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ်မှာ ပိုပြီးကန့်သတ်မှုတွေ ရှိလာမလားလို့ စိုးရိမ်တာတွေရှိနေပါတယ်။

ပဋိပက္ခကြောင့် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေကို သွားရောက်ကူညီ ထောက်ပံ့မှုတွေပေးတဲ့ အဖွဲ့အစည်းတွေဟာလည်း အစိုးရအာဏာပိုင်တွေဖက်က တင်းကြပ်ပိတ်ပင်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ လူမှုကူညီရေးအသင်း သင်္ဂဟ ကမ်းလက် ရက္ခိတအဖွဲ့က ပြောပါတယ်။

ဒုက္ခသည်တွေကို လှူဒါန်းထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို AA အဖွဲ့ဆီမှာ တွေ့ရှိတယ်ဆိုတဲ့ သတင်းကြောင့် အကူအညီပေးရေးလုပ်ငန်းတွေအပေါ် တပ်မတော်နဲ့ အာဏာပိုင်တွေဖက်က ပိုမိုတင်းကြပ်မှုတွေ ရှိလာနိုင်ပြီး ဒါဟာ ပြည်သူတွေရဲ့ ဒုက္ခကို ထည့်မစဉ်းစားရာရောက်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအချိန်အထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

RFA သတင်းထောက် ကိုရဲတိုက် က သတင်းပေးပို့ထားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။