AA တပ်ချုပ်ရဲ့မိသားစုကို ဘန်ကောက်မှာ ထိန်းသိမ်းထား
2019.12.09
ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီးတွေကို မနေ့ကညပိုင်းမှာ ဘန်ကောက်မှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနချုပ်ရုံးကို ပို့ဆောင်လိုက်ပြီလို့ သိရကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရခိုင်လူ့အခွင့်အရေး သုတေသနဌာနက အမှုဆောင်ဒါရိုက်တာတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က AA စစ်ဦးစီးချုပ်ရဲ့ ဇနီး မနှင်းဇာဖြူနဲ့ ၁၂ အရွယ် မစောပြည့်သျှန်နဲ့ ၁၁ လ သားအရွယ် မောင်မြတ်လင်းဇင်တို့ကို ထိုင်းအာဏာပိုင်တွေက ချင်းမိုင်မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ပြန်ပို့ခံရရင် ညှဥ်းပန်းနှိပ်စက်မှုတွေ ထောင်သွင်းအကျဉ်းချတာတွေ နဲ့ ရင်ဆိုင်ရမှာ စိုးရိမ်ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အရပ်ဘက်အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့တွေရဲ့ တောင်းဆိုမှုကြောင့် သူတို့ကို နယ်စပ်မှာ လွဲပြောင်းပေးမယ့် အစီအစဉ် ပျက်သွားတယ်လို့ သူတို့ကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဘန်ကောက်မှာ ထိန်းသိမ်းခံနေရချိန်မှာ သူတို့ဆန္ဒရှိရင် တတိယနိုင်ငံတစ်ခုခုကို သွားရောက် ခိုလှုံခွင့်ရရေး အတွက် လျှောက်ထားနိုင်မှာပါ။
AA စစ်ဦးစီးချုပ်ရဲ့ ဇနီး အပါအဝင်၊ တခြား ၁၀ ယောက်လောက်ကို ပြန်ပို့ပေးဖို့ မြန်မာနိုင်ငံ အစိုးရဘက်က ထိုင်းအစိုးရကို ကူညီတောင်းခံထားတယ်လို့လည်း သတင်းထွက်နေပါတယ်။
သမီးဖြစ်သူ မနှင်းဇာဖြူ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက- သူ့ကို ဘယ်နိုင်ငံ၊ ဘယ်အစိုးရကမှ ဆက်သွယ်အကြောင်းကြားလာတာ မရှိသေးကြောင်း၊ သတင်းမီဒီယာတွေမှာ ဖော်ပြတာကနေတဆင့်ပဲ သိထားကြောင်း၊ သမီးနဲ့ မြေးတွေ အခုလိုဖမ်းဆီးခံရတာကို စိတ်မကောင်းဖြစ်ကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ AA ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲကာလ ၁ နှစ်အတွင်းမှာ အစိုးရက AA ခေါင်းဆောင်တွေရဲ့ ဆွေမျိုးတွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး၊ ညီမ၊ ယောက်ဖ ဖြစ်သူတွေအပြင် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခရဲ့ ယောက်ဖဖြစ်သူတို့ကို ဖမ်းဆီးခဲ့ပါ တယ်။
AA စစ်ဦးစီးချုပ်ရဲ့ ယောက်ဖနဲ့ ညီမ၊ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ရှစ်ဦးကိုလည်း တရားစွဲဆို ဖမ်းဆီးထားပြီး ခိုင်သုခရဲ့ယောက်ဖဖြစ်သူကတော့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။