မြောက်ဦးက ဌာနဆိုင်ရာသုံး မော်တော်ယာဉ်ကိုးစီးကို AA ယူသွားကြောင်း စစ်ကောင်စီ ပြော
2023.12.04
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေ အသုံးပြုနေတဲ့ မော်တော်ယာဉ်ကိုးစီးကို ရက္ခိုင့်တပ်တော် (AA) ယူသွားတယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာ နိုဝင်ဘာ ၃ ရက်က ဖော်ပြခဲ့ပါတယ်။
ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက နှစ်စီး၊ ရှေ့ဟောင်းသုတေသနဌာနက သုံးစီး၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနက နှစ်စီးနဲ့ ခရိုင်သာသနာရေးဝန်ကြီးဌာနက နှစ်စီး စုစုပေါင်း မော်တော်ယာဉ်ကိုးစီးကို နိုဝင်ဘာ ၂၆ ရက်ကနေ ၃၀ ရက်အတွင်းမှာ ယူသွားတာလို့ ဆိုပါတယ်။
ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို AA ရဲ့ တုံ့ပြန်ချက်ရဖို့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။
မြို့ခံ အမျိုးသမီးတစ်ဦးကတော့ မြောက်ဦးမြို့ပေါ်က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာကားတွေကို (AA) ယူသွားတယ်ဆိုတဲ့သတင်း ပြီးခဲ့တဲ့ တစ်ပတ်ခန့်ကတည်းက ကြားတယ်လို့ RFA ကို ပြောပါတယ်။
“အဲဒါက တစ်ပတ်ကျော်လောက် ကြာပြီ။ တစ်ရက်မှာ တစ်စီး၊ နှစ်စီး အကွက်ရရင်ရသလို ဆွဲသွားတာဖြစ်မယ်။ ရွေကောက်ပွဲကော်မရှင်ရုံးတောင် မရှိတော့ဘူး။ အားလုံး စာရွက်စာတမ်းတွေပါ သိမ်းသွားပြီ AA က”
နိုဝင်ဘာလ နောက်ဆုံးအပတ်ကလည်း ကျောက်တော်-ပလက်ဝပြေးဆွဲနေတဲ့ စစ်ကောင်စီရဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာနပိုင် ကုန်စည်နဲ့ ခရီးသည်တင် ဇက်ရေယာဉ်နှစ်စီးကို (AA) ယူသွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံပြည်သူတွေကို AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ စစ်ကောင်စီဘက်က ဖမ်းဆီးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။