လူမျိုးရေးပဋိပက္ခဖြစ်အောင် AA ဖန်တီးနေတယ်လို့ စစ်ကောင်စီ စွပ်စွဲ

[Update: 3:05 AM, April 19, 2024]

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ လူမျိုးရေးပဋိပက္ခဖြစ်အောင် ရက္ခိုင့်တပ်တော် (AA) က ဖန်တီးနေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ ဧပြီလ ၁၈ ရက်နေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်က လူမျိုးရေးပဋိပက္ခတွေကို စစ်တပ်က ဘယ်တုန်းကမှ လုပ်တာမရှိဘဲ AA က လုပ်နေတာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်တာပါ။

"ဘူးသီးတောင်မြို့နယ်မှာ မွတ်စလင်အများစုနေထိုင်တယ်ဆိုပေမဲ့ ပဋိပက္ခဖြစ်စဉ် အနည်းငယ် ရှိကောင်းရှိလိမ့်မယ်၊ ကြီးကြီးမားမား ဖြစ်ရိုးဖြစ်စဉ် မရှိခဲ့ဘူး၊ ဒီအချိန်ကျမှ AA အနေနဲ့ ဒါကို လူမျိုးရေးပဋိပက္ခအသွင်ဆောင်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ လူမျိုးရေးပဋိပက္ခတွေကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ အစိုးရဝန်ထမ်းပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေက ဘယ်တုန်းကမှ စခဲ့တာမရှိဘူး၊ လူမျိုးစုဘက်တစ်ဖက်ဖက်က စခဲ့တာရှိတယ်၊ စတင်ခဲ့တဲ့ ပဋိပက္ခတွေကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ လုံခြုံရေးနဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရဝန်ထမ်းတွေကပဲ ထိန်းသိမ်းရတာ ဖြစ်တယ်၊ ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခဖြစ်ရင် ဘယ်လောက်ထိ ထိန်းသိမ်းရခက်ခဲတယ်ဆိုတာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရဝန်ထမ်းပိုင်း အားလုံးသိတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ လူမျိုးရေး ပဋိပက္ခကို ဘယ်တုန်းကမှ မဖန်တီးခဲ့ဘူး"

ဘူးသီးတောင်မြို့ အမှတ် (၅) ရပ်ကွက်မှာ ဧပြီလ ၁၇ ရက်နေ့က မီးလောင်ခဲ့ပြီး ဒီကိစ္စကို စစ်ကောင်စီနဲ့ မြို့နေ မွတ်စလင်တချို့က လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ဟိန္ဒူဘာသာဝင် ၁,၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို အစ္စလာမ်မစ်အဖွဲ့ဝင်တွေက ဖမ်းဆီးထားတယ်ဆိုတဲ့ အိန္ဒိယအခြေစိုက် India Express သတင်းဌာနရဲ့ဖော်ပြချက်တို့အပေါ် စစ်ကောင်စီဘက်က ပြန်လည်ဖြေရှင်းထုတ်ပြန်တာဖြစ်ပါတယ်။

အဲဒီ India Express သတင်းဖော်ပြချက်ကို AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က X ခေါ် အရင် တွစ်တာအကောင့်မှာ ပြန်လည်မျှဝေထားပါတယ်။

ဒီရေးသားချက်တွေဟာ ဘူးသီးတောင်၊ မောင်တောဒေသမှာ လူမျိုးရေးပဋိပက္ခဖြစ်အောင်နဲ့ စစ်ကောင်စီတပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အထင်အမြင်လွဲမှားအောင် လုပ်ကြံရေးသားမှုတွေလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

"လူငယ်ငါးသောင်းကို AA ထဲဝင်ဖို့ စည်းရုံးတယ်ဆိုတာတွေက လုပ်ကြံပြောဆိုခြင်းသာဖြစ်တယ်၊ လုံးဝမှန်ကန်မှု မရှိပါဘူး"

ဒီအပေါ် AA ဘက်က တုံ့ပြန်ချက်ရဖို့ ပြောခွင့်ရသူ ကိုခိုင်သုခကို အွန်လိုင်းကတဆင့် ဆက်သွယ်မေးမြန်းပေမဲ့ လတ်တလော ပြန်ဖြေကြားတာ မရှိသေးပါဘူး။

ဒါ့အပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေဖြစ်တဲ့ ဦးထွန်းခင်နဲ့ ကိုရိုနေဆန်းလွင်တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး AA ခေါင်းဆောင်တွေနဲ့တွေ့ကာ ရိုဟင်ဂျာ လူငယ်ငါးသောင်းကို AA နဲ့ပူးပေါင်းဖို့ စည်းရုံးခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုထားပါတယ်။

ကိုရိုနေဆန်းလွင်ကတော့ သူတို့အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားခဲ့ပေမဲ့ AA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာမရှိခဲ့သလို AA ထဲ ဝင်ဖို့ စည်းရုံးတာလည်း မရှိခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

"သူပြောတာတွေက လုံးဝ မှန်ကန်မှုမရှိဘူး၊ ဘင်္ဂလားဒေ့ရှ်သွားပြီးတော့ ဒုက္ခသည်စခန်းသွားတာလည်းမှန်တယ်၊ လူငယ်တွေနဲ့ တွေ့ခဲ့တာလည်း မှန်တယ်၊ ကွန်မြူနတီခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တာလည်းမှန်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကနေ AA ခေါင်းဆောင်ပိုင်းနဲ့တွေ့ခဲ့တာတွေ၊ နောက်ပြီးတော့ လူငယ်ငါးသောင်းကို AA ထဲဝင်ဖို့ စည်းရုံးတယ်ဆိုတာတွေက လုပ်ကြံပြောဆိုခြင်းသာဖြစ်တယ်၊ လုံးဝမှန်ကန်မှု မရှိပါဘူး"

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေဖြစ်တဲ့ ဦးထွန်းခင်နဲ့ ကိုရိုနေဆန်းလွင်တို့ဟာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေက ခေါင်းဆောင်တွေနဲ့သာ တွေ့ဆုံခဲ့ပြီး AA ခေါင်းဆောင်တွေနဲ့ တွေ့တာ၊ ရိုဟင်ဂျာလူငယ်တွေကို စည်းရုံးတာတွေ မရှိဘဲ စစ်ကောင်စီရဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုတုပါလောင်ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြသည့် ရိုဟင်ဂျာများ။ (ဓာတ်ပုံ - ဟန်ငြိမ်းဦး)
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြသည့် ရိုဟင်ဂျာများ။ (ဓာတ်ပုံ - ဟန်ငြိမ်းဦး)

ဘူးသီးတောင်နဲ့ မောင်တောမှာရှိတဲ့ ရိုဟင်ဂျာစခန်းတွေက ထောင်နဲ့ချီတဲ့ လူငယ်တွေကို စစ်ကောင်စီက အတင်းအဓမ္မစစ်သင်တန်းတွေ တက်ရောက်ခိုင်းခဲ့ပြီး တချို့ကို စစ်ကောင်စီစခန်းတွေမှာ လုံခြုံရေးတာဝန် ပေးထားသလို တချို့ကိုတော့ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့လည်း ရိုနေဆန်းလွင်က ပြောပါတယ်။

အခုရက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုဆိုးလာပြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေရဲ့ နေအိမ်၊ MSF နယ်စည်းမခြားဆရာဝန်များအသင်းရဲ့ ရုံးနဲ့ဆေးခန်း အပါအဝင် နေအိမ် ရာနဲ့ချီပြီး မီးရှို့ဖျက်ဆီးခံရသလို ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

ကိုရိုနေဆန်းလွင်က လူမျိုးရေး၊ ဘာသာရေး အထိကရုဏ်းတွေဖြစ်အောင် စစ်ကောင်စီ က ဖန်တီးနေတာလို့ ပြောပါတယ်။

"ဘူးသီးတောင်မြို့မှာရှိတဲ့ ရခိုင်အိမ်တွေကို သွားပြီးတော့ ဖောက်ထွင်းတာတွေလုပ်တဲ့အခါမှာ အတင်းအဓမ္မခေါ်ဆောင်သွားတယ်၊ အတင်းအဓမ္မလုပ်ခိုင်းတယ်၊ အိမ်တွေမီးရှို့တဲ့အခါမှာလည်း စစ်တပ်ကနေ ဦးဆောင်ပြီးရှို့တယ်၊ သူတို့ကိုအတူ ကားထဲမှာခေါ်သွားတော့ အမြင်လွဲစရာတွေ၊ နားလည်မှုလွဲစရာတွေ ဖြစ်လာတယ်၊ ဒါတွေကပဲ နားလည်မှုလွဲပြီး လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေ၊ လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေ ဖြစ်လာအောင် သူတို့ကပဲ စစ်ကောင်စီက လုပ်ကြံနေတာ တွေ့ရတယ်"

လတ်တလော ဘူးသီးတောင်မြို့မှာ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ မရတာကြောင့် RFA အနေနဲ့ ဒေသခံတွေနဲ့ ဆက်သွယ်ဖို့ အခက်အခဲရှိနေပါတယ်။

(မှတ်ချက်။ ဤသတင်းနှင့်ပတ်သက်၍ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်နှင့် ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ကိုအောင်မြိုင်၏ ဖြေကြားချက်အား ဖြည့်စွက်ရေးသားထားပါသည်။)