အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ AA ၊ MNDAA ၊ TNLA အဖွဲ့တွေကို ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံအကြို ပြင်ဆင်ရေးကော်မတီက တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားထားပေမယ့် တွေ့ဆုံမယ့်နေရာကို မသတ်မှတ်နိုင်သေးဘူးလို့ AA အဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကတည်းက AA ၊ MNDAA ၊ TNLA တို့ဆီ တရားဝင်အနေနဲ့ ဖိတ်ကြားခဲ့တာဖြစ်ပြီး တွေ့ဆုံ မယ့်နေရာကို ညှိနှိုင်းနေတယ်လို့ AA အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောပါတယ်။
“ညီနောင်မဟာမိတ် ၃ ဖွဲ့ပေ့ါ၊ အဲ့ဒီမှာ TNLA ရယ် MNDAA ရယ် AA ရယ် သူတို့ကနေပြီးတော့ သီးသန့်တွေ့ဖို့အတွက် ဖိတ်တာ၊ အစတုန်းက အစိုးရဘက်က ကျိုးတုံမှာတွေ့ကြမယ်လို့ ချိန်းတာရှိတယ်၊ ကျနော်တို့က ပန်ခမ်းမှာတွေ့ရအောင်ဆိုပြီး သူတို့ကိုတင်ပြထားတယ်၊ သူတို့ဘက်က အခုအထိ အကြောင်း မပြန်သေးဘူး၊ ဒါကြောင့်မို့လို့ တွေ့ဆုံမှုက အခုအချိန်မှာ မဖြစ်နိုင်သေးဘူး၊ ကျနော်တို့ခေါင်းဆောင်တွေနဲ့ ညှိနေကြတယ်”
AA ရက္ခိုင့်တပ်မတော်၊ MNDAA မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတာ် ၊ TNLA ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး အဖွဲ့တု့ိဟာ မဟာမိတ်ပေါင်းစည်းထားတာဖြစ်ပြီး အစိုးရတပ်မတော်နဲ့လည်း သူတို့တပ်တွေ အခြေစိုက်တဲ့ဒေသတွေမှာ တိုက်ပွဲတွေမကြာမကြာဖြစ်နေကြပါတယ်။
ဒေါက်တာ တင်မျိုးဝင်းနဲ့ အဖွဲ့ဟာ လာမယ့်ရက်ပိုင်းအတွင်း UWSA 'ဝ' ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ နဲ့ NDAA မိုင်းလားအဖွဲ့တို့နဲ့ ကျိုင်းတုံမြို့မှာ တွေ့ဆုံကြမယ်လို့ ဒီနေ့ထုတ်အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။
အစိုးရဖက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ရှေ့လာမယ့် ဇူလိုင်လကုန်ပိုင်းလောက်မှာ ကျင်းပနိုင်ဖို့ လျာထားတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ ပါဝင်လာနိုင်ရေးအတွက် ကြိုးပမ်းနေတာဖြစ်ပြီး မကြာသေးခင် ရက်ပိုင်း ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ UNFC အဖွဲ့နဲ့ အကြိုတွေ့ဆုံခဲ့ပါတယ်။
AA အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
