AA အဖွဲ့ နိုင်ငံရေး အကျပ်အတည်းဖန်တီးဟု ကာကွယ်ရေးဝန်ကြီး ပြောကြား
AA လက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုသမ္မတ ကြီး ဦးထင်ကျော် လက်ထက်မှာ ဆန္ဒဖေါ်ထုတ်ခြင်း၊ အရေး ကြီးအဆိုတင်သွင်းခြင်းတို့ဟာ နိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်အောင် ပုံဖေါ်ဖန်တီး ရာ ရောက်နေကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြော ပါတယ်။
-
2016-05-04 -
-
-
Your browser doesn’t support HTML5 audio
AA လက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုသမ္မတကြီး ဦးထင်ကျော် လက်ထက်မှာ ဆန္ဒဖေါ်ထုတ်ခြင်း ၊ အရေးကြီးအဆိုတင်သွင်းခြင်းတို့ဟာ နိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်အောင် ပုံဖေါ်ဖန်တီး ရာ ရောက်နေကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က AA အဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ ဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲကို ဖိတ်ခေါ်ဖို့ အမျိုးသားလွှတ်တော်မှာ အရေးကြီး အဆိုတင်ထားတဲ့အပေါ် ဒီကနေ့ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
"AA လက်နက်ကိုင်အဖွဲ့ဟာ ၂ဝ၁၅ ခုနှစ်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ယခုသမ္မတကြီး ဦးထင်ကျော် လက်ထက်တွင်မှ ယခုကဲ့သို့စစ်ပွဲများရပ်ရန် ဆန္ဒဖော်ထုတ်ခြင်း၊ အရေးကြီးအဆို တင်သွင်းခြင်းတို့ဟာ လက်ရှိ သမ္မတကြီး ဦးထင်ကျော် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရကို နိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်စေရန် အတွက် ပုံဖော်ဖန်တီးရာလည်း ရောက်နေကြောင်း တင်ပြလိုပါတယ်"
ဒီမိုကရေစီစနစ်ကို လျစ်လျူရှုပြီး နိုင်ငံတော်ကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်းမျိုးကို လွှတ်တော်ကိုယ်စား လှယ်တွေ အနေနဲ့ အသိအမှတ် ပြုနေမယ် ဆိုရင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အနာဂတ်အရေးဟာ ရင်လေးဖွယ်ရာ အခြေအနေ ဖြစ်လာနိုင်ပါတယ်လို့လည်း ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။
တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ရခိုင်ပြည်နယ်မှာ တကျော့ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ အစိုးရတပ်မတော်က စတင်တိုက်ခိုက်တာ မဟုတ်ကြောင်းနဲ့ တိုက်ပွဲတွေ ရပ်စဲရေးဟာ တပ်မတော်အပေါ်မှာ မူတည်တာမဟုတ်ဘဲ AA အဖွဲ့အပေါ်မှာ မူတည်ကြောင်း ဆွေးနွေးကြပါတယ်။
အဲ့ဒီအရေးကြီးအဆိုကို တပ်မတော်သားကိုယ်စားလှယ် ၃ ဦးနဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ၁ ဦး က ဆွေးနွေးခဲ့ကြပြီး အဆိုကို မှတ်တမ်းတင်ဖို့ သင့်၊ မသင့်ကို လျှို့ဝှက်မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများတာကြောင့် အဆိုကို မှတ်တမ်းတင်လိုက်ပါတယ်။
ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ရပ်တန့်ပြီး AA အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲကို ဖိတ်ခေါ်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုအပေါ် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း နဲ့ တပ်မတော်သားကိုယ်စားလှယ်တစ်ချို့က ဒီကနေ့ ဆွေးနွေးကြပါတယ်။
RFA သတင်းထောက် မသီရိမင်းဇင် က ကောက်နှုတ်တင်ပြထားပါတယ်။