AA ကို ထောက်ပံ့တယ်လို့ စွပ်စွဲခံရသူတွေ ထပ်မံရုံးထုတ်

2019-08-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရက္ခိုင့်တပ်တော် AA အဖွဲ့ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရသူတွေကို ၂ဝ၁၉ သြဂုတ် ၂၃ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
ရက္ခိုင့်တပ်တော် AA အဖွဲ့ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရသူတွေကို ၂ဝ၁၉ သြဂုတ် ၂၃ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Thant Zin Oo/RFA

ရက္ခိုင့်တပ်တော် AA ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရှစ်ယောက်ကို ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ၃ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုးယောက်ထဲက ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုရွှေလှိုင်သန်းနဲ့ ကိုမြတ်လင်းဦးတို့ ရှစ်ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ၅၂ (က)တို့နဲ့ မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့ ရဲမှူး ဦးတင့်ရွှေက တရားလိုလုပ်ပြီး တရားစွဲ တင်ပို့ခဲ့တာကို အနောက်ပိုင်းခရိုင်တရားရုံးက လက်ခံစစ်ဆေးနေတာပါ။

ဒီနေ့ရုံးချိန်းမှာ တရားခံပြေးအဖြစ် ကြေညာထားတဲ့ ကိုသန်းထွန်းနိုင်နဲ့ ကိုစိုးမြင့် တို့နှစ်ယောက်အတွက် တာမွေမြို့ နယ်ရဲတပ်ဖွဲ့စခန်းက ဒုရဲအုပ် မျိုးမင်းဇော်နဲ့ မေတ္တာညွန့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင် တို့ကို တရားရုံးက စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် တရားစွဲဆိုခံထားရသူတွေအားလုံးအတွက် သက်ဆိုင်ရာရှေ့နေတွေက တရားရုံးမှာ ပါဝါတင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်း ကပြောပါတယ်။

အခြားတစ်ယောက်ဖြစ်တဲ့ ကိုအောင်မျိုးဝင်း ကိုတော့ ဒီ ရှစ်ယောက်နဲ့မတူဘဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၀ (ည)နဲ့ သီးခြားတရားစွဲဆိုပြီး သီးခြားရမန်ရယူထားတယ်လို့ သိရပါတယ်။

ဒီအမှုမှာ နောက်ထပ်နှစ်ယောက်ဖြစ်တဲ့ ကိုသန်းထွန်းနိုင်နဲ့ ကိုစိုးမြင့် တို့ကိုလည်း ဆက်စပ်တရားခံအဖြစ် သတ်မှတ် ပြီး တရားခံပြေးအဖြစ် ကြေညာထားတာလည်းဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းကိုလာရောက်တဲ့ ရခိုင်စင်္ကာပူအသင်း ဥက္ကဋ္ဌ ကိုဟိန်းဇော်ရဲ့မိခင်ကတော့ သူ့သားအပါအဝင် အဖမ်းခံ ထားရသူတွေ အားလုံးအဆင်ပြေကြောင်းနဲ့ အပြစ်မလုပ်ထားတဲ့အတွက် အားလုံးအမှုကနေအမြန်ဆုံးပြန်လွတ် မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

ကိုအောင်မြတ်ကျော် အပါ ရှစ်ယောက်ဟာ စင်္ကာပူနိုင်ငံမှာ AA အဖွဲ့ကို ငွေကြေးကောက်ခံထောက်ပံ့တာနဲ့ AA ဆယ်နှစ်ပြည့် အခမ်းအနားကို စင်္ကာပူနိုင်ငံမှာကျင်းပတာခဲ့လို့ စင်္ကာပူနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးတာတွေ တွေ့ရှိရတာကြောင့် အခုလိုအမှုဖွင့်အရေးယူခံရတာဖြစ်ပါတယ်။

ဒီအမှုကို လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ ပြန်လည်ချိန်းဆိုလိုပြီး အဲဒီနေ့မှာပဲ တရားခံပြေးအဖြစ် ကြေညာ ထားသူတွေရဲ့ ဖမ်းဝရမ်းပြန်လည်တင်သွင်းရမယ့်ကိစ္စကိုပဲ ဆက်လက်လုပ်ဆောင်မှာဖြစ်လို့ တရားစွဲထားတဲ့ အမှုတွေကို စစ်ဆေးမှာမဟုတ်သေးဘူးလို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့