နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်ရှိနေဆဲလို့ AAPP ထုတ်ပြန်
2017.08.16
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၂၅ ယောက်ရှိနေသေးပြီး ၊ ၄ ယောက်က ကျန်းမာရေးဆိုးနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
ထောင်ဒဏ်ချမှတ်ခံထားရသူက ၃၅ ယောက်၊ ထောင်ထဲကနေ အမှုရင်ဆိုင်နေရသူက အယောက် ၅၀ ဖြစ်ပြီး၊ အာမခံနဲ့အပြင်ကနေတရားရင်ဆိုင်နေရတဲ့သူက ၁၃၆ ယောက်ဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ စုစုပေါင်း ၃၁ ယောက်အဖမ်းခံရပြီး၊ အဲဒီထဲမှာ တိုင်းရင်းသား ၁၀ ယောက်၊ ပုဒ်မ ၆၆-ဃနဲ့ တရားစွဲခံရသူက ၄ ယောက်၊ ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ ၁၇ ယောက်လို့ဆိုပါတယ်။ ဒါ့အပြင် လယ်သိမ်းခံတောင် သူတွေနဲ့ တက်ကြွလှုပ်ရှားသူ ၄၂ ယောက်တရားစွဲခံရတယ်လို့ဆိုပါတယ်။
ကျန်းမာရေးဆိုးနေတဲ့သူတွေကတော့ စိုင်းတင်မင်းထွန်း၊ ကိုဇော်သက်အောင် ခေါ် ကိုကတုံး၊ လဖိုင်ဂမ်နှင့် ဒွန်ဒေါ် နောင်လတ်တို့ ဖြစ်တယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဒီစာရင်းထဲမှာ TNLA တအာန်းလွတ်မြောက်ရေး တပ်မတော်ရဲ့နယ်မြေကို သတင်းသွားယူလို့ အဖမ်းခံထားရတဲ့ DVB နဲ့ ဧရာဝတီက သတင်းထောက်တွေဖြစ်တဲ့ ဦးအေးနိုင်၊ ဦးပြည့်ဘုန်းနိုင်၊ ဦးသိန်းဇော် (ခ)လဝီဝမ်နဲ့ သူတို့နဲ့အတူ အဖမ်းခံထားရတဲ့ အရပ်သား မိုင်းဆန်းညွန့်၊ မိုင်းအောင်ခမ်းနဲ့ မိုင်းထွန်းအေးတို့လည်း ပါဝင်ပါတယ်။