အင်းစိန်ထောင်တွင်း ဆန္ဒပြမှု အကြမ်းဖက်ဖြိုခွင်းခံရမှာ AAPP အထူးစိုးရိမ်

2021.07.23
အင်းစိန်ထောင်တွင်း ဆန္ဒပြမှု အကြမ်းဖက်ဖြိုခွင်းခံရမှာ AAPP အထူးစိုးရိမ် အင်းစိန်ထောင် အဝင်ဝကို တွေ့ရစဉ်
Photo: RFA

ဇူလိုင်လ ၂၃ ရက် ဒီကနေ့ မနက်ပိုင်းက ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင်း ဆန္ဒပြမှုကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းပြီး လူအစုအပြုံလိုက် သေဆုံးတာမျိုး မဖြစ်အောင် တားဆီးပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အရေးပေါ် ကြေညာချက်တစ်စောင် ချက်ချင်းထုတ်ပြန်ပြီး တောင်းဆို လိုက်ပါတယ်။

AAPP ရဲ့ကြေညာချက်မှာ “ဒီကနေ့မနက် ၈ နာရီလောက်က အင်းစိန်အကျဉ်းထောင် အမျိုးသမီးဆောင် ကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ သံပြိုင်သီဆိုတဲ့ နိုင်ငံရေးသီချင်းသံတွေကို ကြားခဲ့ရကြောင်း၊ အင်းစိန်ထောင်ထဲက အမျိုးသမီးဆောင်တွေမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေရှိနေပေမယ့် ထိရောက်တဲ့ ဆေးကုသခွင့် မရရှိကြောင်း၊ ဒါ့ကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေဟာ အမျိုးသမီးဆောင်ကနေ စတင်ခဲ့ပြီး အင်းစိန်ထောင်တစ်ခုလုံးရှိ အခြားအဆောင်တွေကိုပါ ပျံ့နှံ့သွားခဲ့ကြောင်း” ဦးစွာဖော်ပြထား ပါတယ်။

၁၉၉၀ စက်တင်ဘာတုန်းကလည်း အင်းစိန်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေက ဦးဆောင်ပြီး အလားတူ ကန့်ကွက်ဆန္ဒပြမှုမျိုး ဖြစ်ခဲ့တဲ့အပေါ် ထောင်အာဏာပိုင်တွေက ရက်ရက်စက်စက် ရိုက်နှက်ဖြိုခွင်းခဲ့တာ ကြောင့် နိုင်ငံရေးအကျဥ◌်းသား ခြောက်ဦးသေဆုံးခဲ့ပြီး ၄၀ အရေးပေါ် ဆေးရုံတင်ခဲ့ရကြောင်း AAPP အဖွဲ့ဝင် တွေ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အတိတ်က ထောင်တွင်းအဖြစ်အပျက်ကို ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဒီကနေ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အင်းစိန်ထောင်တွင်း ဆန္ဒပြမှုအပေါ် AAPP က အထူးစိုးရိမ် ပူပန်ကြောင်းနဲ့ ထောင်အာဏာပိုင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထောင်တွင်းလူအစုံအပြုံလိုက် သေဆုံးမှုတွေ မဖြစ်ဖို့အတွက် နိုင်ငံတကာ အစိုးရတွေအနေနဲ့ အာဏာသိမ်း စစ်အစိုးရကို ဖိအားပေးတားဆီး ဖို့လိုကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ချက်ချင်း အရေးပေါ် ကြေညာချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။