စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်ဟာ ဗီယက်နမ်နဲ့ မြန်မာစစ်တပ်ကြား ရှိပြီးသား စီးပွားရေးနဲ့ စစ်ရေးဆက်ဆံမှုတွေကို ပိုမိုနက်ရှိုင်းစေနိုင်တဲ့အတွက် ဗီယက်နမ်အစိုးရရဲ့ ဖိတ်ကြားမှုကို ရှုတ်ချကြောင်း Justice For Myanmar (JFM) က စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဗီယက်နမ်နဲ့ မြန်မာစစ်တပ်ကြား ဆက်သွယ်ရေး၊ လေယာဉ်ဆီထောက်ပံ့ရေးနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ပေးအပ်တာအပြင် စစ်ရေးလေ့ကျင့်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဗီယက်နမ်ရဲ့ အကြီးဆုံး နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ Mytel ဆက်သွယ်ရေးလုပ်ငန်းဟာ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment၊ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းလုပ်ကိုင်တဲ့ ဖက်စပ်လုပ်ငန်းဖြစ်တယ်လို့ JFM က ထောက်ပြပါတယ်။
Mytel ဟာ ဗီယက်နမ်နဲ့ မြန်မာစစ်တပ်ကြား စီးပွားရေးဆက်ဆံမှုမှာ အဓိကကျတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး Mytel မှာ မြန်မာစစ်တပ်ပိုင် ရှယ်ယာတွေအတွက် ဆယ်နှစ်အတွင်း အမြတ်ဝေစု အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်တယ်လို့ JFM က ဆိုပါတယ်။
ဒါ့အပြင် Mytel ဟာ မြန်မာစစ်တပ်အတွက် ဝင်ငွေရရှိစေရုံသာမက စစ်ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ လုပ်ငန်းတွေမှာပါ အထောက်အကူပြုနေတယ်လို့ JFM က ပြောပါတယ်။
Mytel ကနေတစ်ဆင့် ဗီယက်နမ်က ပေးအပ်နေတဲ့ ဝင်ငွေ၊ နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေး ဆိုင်ရာ အထောက်အပံ့တွေဟာ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အထောက်အကူပြုနေတယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
“တရားမဝင်စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုပေးအပ်ဖို့ ဗီယက်နမ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ စီးပွားရေးပတ်သက်မှုတွေကတစ်ဆင့် စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေမှုကို ပိုမိုနက်ရှိုင်းလာအောင် လုပ်ဆောင်နေမှုတွေအပေါ် Justice For Myanmar က ရှုတ်ချပါတယ်။ Mytel မှတစ်ဆင့် ဗီယက်နမ်က ပေးအပ်နေတဲ့ ဝင်ငွေတွေ၊ နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ အထောက်အပံ့တွေက မြန်မာစစ်တပ် လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်”
ဗီယက်နမ်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာလည်း ပါဝင်နေတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗီယက်နမ်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာလည်း ပါဝင်နေတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဩဂုတ် ၂၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ၁၀ ကြိမ်မြောက် မြန်မာ-ဗီယက်နမ် ပူးတွဲကော်မရှင်အစည်းအဝေးမှာလည်း ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ထုတ်ပြန်ထားပါတယ်။
ဗီယက်နမ်အနေနဲ့ မြန်မာစစ်တပ်ဆီ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၊ နည်းပညာနဲ့ ငွေကြေးလွှဲပြောင်းပေးနေတာတွေကို ချက်ချင်းရပ်တန့်ပြီး စစ်အုပ်စုနဲ့ ဆက်နွှယ်ပတ်သက်မှုတွေကို အဆုံးသတ်ဖို့ JFM က တောင်းဆိုထားပါတယ်။
ဒါ့အပြင် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU)၊ ကနေဒါနဲ့ သြစတြေးလျတို့အနေနဲ့လည်း စစ်အုပ်စုကို ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ JFM က တောင်းဆိုပါတယ်။
JFM ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ၊ ဗီယက်နမ်အစိုးရနဲ့ Mytel တို့ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။
ဦးမင်းအောင်လှိုင်ဟာ စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် သွားရောက်နေတာဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ဧပြီလမှာ သမ္မတရာထူးယူပြီးနောက် ဦးမင်းအောင်လှိုင်ရဲ့ ခုနစ်ကြိမ်မြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။
