မန္တလေးမြို့ပေါ် မှာ ကျားဖြန့်လုပ်ငန်းတစ်ခုကို စစ်တပ် ဝင်ရောက်ဖမ်းဆီး

စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသားတချို့အပါအဝင် လူ ၁၀ ဦး ထက် မနည်း ဖမ်းဆီးခံရ။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ လမ်း ၈၀၊ ၃၉ လမ်း နဲ့ လမ်း ၄၀ ကြားက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေတဲ့ နေအိမ် တစ်အိမ်ကို စက်တင်ဘာလ ၂ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်ခန့်မှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။

အဲဒီနေရာကို စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသားတချို့အပါအဝင် လူ ၁၀ ဦး ထက် မနည်း ဖမ်းဆီးခံလိုက်ရတယ် ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဖုန်း၊ ကွန်ပျူတာတွေကို စစ်တပ်က သိမ်းဆည်းသွားပြီး ဖမ်းခံရတဲ့သူတွေရဲ့ အသေးစိတ်အချက်တွေကိုတော့ မသိရသေးဘူးလို့ မန္တလေးမြို့ပေါ်က မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Voice Of Mandalay ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အဲနေရာ ကျားဖြန့်ကို ဝင်ဖမ်းတာဗျ။ မြင်တဲ့သူတွေ ပြောပုံအရ တရုတ်တွေရော ကောင်မလေးတွေလည်း ပါတယ်။ Laptops(ကွန်ပျူတာတွေကို) အဝတ်နဲ့အုပ် သိမ်းဆည်းသွားတယ်ဗျ။”

ဖမ်းဆီးခံရသူတွေရဲ့ နောက်ဆက်တွဲအခြေအနေကို မသိရသေးသလို မန္တလေးမြို့မှာ ဒီလိုလုပ်ငန်းတွေ ပုံစံမျိုးစုံနဲ့ ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ အခုဝင်ရောက်စီးနင်းခဲ့တဲ့ နေရာအနီးတစ်ဝိုက်မှာ တရုတ်နိုင်ငံသားအများစု ဝင်ထွက်သွားလာနေတဲ့ ဟိုတယ်တွေနဲ့ ကျောက်ဝိုင်းလည်း ရှိတယ်လို့ ဆိုပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ မြို့ကြီးတွေအထိ ဝင်ရောက်လုပ်ကိုင်လာတာကြောင့် ပြည်သူတွေ ထိခိုက်နစ်နာရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

“ကျားဖြန့်ဆိုတာ နယ်စပ်နေရာမှာပဲ ရှိတော့တာမဟုတ်တော့ဘူးလေ။ ကျွန်တော်တို့ မန္တလေးမှာရော ရန်ကုန်လို မြို့ကြီးပြကြီးတွေမှာ ကုမ္ပဏီလိုလို ပုံစံမျိုးစုံနဲ့ လိမ်လည်လုပ်စားနေတာတွေက ရှိနေတယ်။ မန္တလေးမြို့သား တစ်ဦးအနေနဲ့ ဒီလုပ်ငန်းတွေ ရှိနေတာ လက်မခံဘူး။ ပြည်သူတွေက အခက်အခဲမျိုးစုံနဲ့ ဖြတ်သန်းနေရချိန်မှာ ဒီလို လိမ်စားနေတဲ့ လူတွေ ထွန်းကားတော့ ပိုနစ်နာရတာပေါ့ဗျာ။”

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ RFA က မဟာအောင်မြေမြို့နယ် အမှတ် (၉) ရဲစခန်းကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။