နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဖို့ AAPP တိုက်တွန်း


2016.06.03

နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုဖို့ မရှိတဲ့အကြောင်း ဖြေဆို ပုံဟာ ပထမအကြိမ်လွှတ်တော်နဲ့ ခု ဒုတိယအကြိမ်လွှတ်တော်နဲ့ အတော်လေးတူညီနေတာ တွေ့ရှိရပြီး ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ်ပေါက်လာရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတာ အသိအမှတ်ပြုပြီး လွှတ်ပေးဖို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံရေး အကျဉ်းသားရှိတာကို အသိအမှတ်ပြုပြီး လွှတ်ပေးရေးဟာ ပြည်သူ့အစိုးရအနေနဲ့ အမြန်ဆုံး လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပြီး တတ်အားသရွေ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတဲ့အကြောင်းလည်း AAPP   ကြေညာချက်မှာပါရှိပါတယ်။

ခု အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဆိုသော ဝေါဟာရတွေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ရှိ မရှိ  ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြည်သူ့လွှတ်တော်မှာ မနေ့က မေးမြန်းခဲ့ပါတယ်။

ဒါကို အဓိပ္ပါယ်ဖွင့်ဆိုချက်ပြုရန် မရှိတဲ့အကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်မှာလည်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က မေးမြန်းခဲ့ဖူးပြီး သက်ဆိုင်ရာဝန်ကြီးဌာနဖြစ် တဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက  နိုင်ငံရေးအကျဉ်းသားအဖြစ် ခွဲခြား သတ်မှတ်ပြီး အခွင့်အရေးပေးရင် အကျဉ်းထောင်အတွင်း အခွင့်ထူးခံအကျဉ်းသားတွေ ပေါ်ပေါက်လာမှာဖြစ်တဲ့ အတွက် နိုင်ငံရေးအကျဉ်းသား စကားရပ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုဖို့ အစီအစဉ်မရှိတဲ့အကြောင်း ဖြေကြားခဲ့ဖူး ပါတယ်။

ဒါတွေကို ထောက်ရှုရင် ပြည်ထဲရေးဝန်ကြီးဌာနဟာ မူဝါဒမပြောင်းလဲသေးတာ တွေ့ရှိရတဲ့အတွက်၊ ပြောင်းလဲချိန် တန်ပြီ ဆိုသည့်စကားနဲ့အညီ ခေတ်နဲ့လိုက်လျောညီထွေတဲ့ မူဝါဒဖြစ်စေဖို့ ပြောင်းလဲသင့်တယ်လို့  AAPP က အကြံပေးပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဧပြီလ ၇ ရက်မှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အပိုဒ် (၁) မှာ “ နိုင်ငံရေးအကျဉ်းသားများ၊  နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြ ရသော ကျောင်းသား၊ကျောင်းသူများ လွတ်မြောက်ရေးသည်  ပြည်သူလူထုက ရွေးကောက်တင်မြှောက် လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်း တစ်ခုဖြစ်ပါသည်” လို့ ဖော်ပြထားတာရှိတဲ့အကြောင်း AAPP က ထောက်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။