နိုင်ငံအရေးအကျဉ်းသား လွှတ်ပေးရေး အဖွဲ့ ၁၁ ဖွဲ့တောင်းဆို
2011.01.03
နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)
“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာနဲ့ အမျှ နိုင်ငံရေးဒီရေ မြင့်တက်လာတာကိုလည်း ကျွန်တော်တို့ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်လိုပဲ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွတ်မြောက်စေချင်တဲ့သဘောနဲ့ ဒီဟာကို ထုတ်ဝေရခြင်း ဖြစ်ပါတယ်။ အဲ တကယ်လို့များပေါ့၊ ကျွန်တော်တို့က တကယ့်ကို ရက်ပေါင်း ၉၀ အတွင်း လွှတ်တော် ခေါ်ပြီးတော့ အစိုးရသစ်တခု ပေါ်လာခဲ့မယ်ဆိုရင် ဒီ အစိုးရတွေအနေနဲ့ ထောင်အသီးသီးမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးသင့်တယ်လို့ ကျွန်တော်တို့က ယူဆပြီးတော့ ဒါကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။”
လွတ်လပ်ရေးနေ့ မတိုင်မီ ဇန်နဝါရီလ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ စာမျက်နှာ ၁၆ မျက်နှာပါ စာတမ်းမှာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ထုတ်ဖော် ရေးသားခွင့်တွေ မရှိသေးပုံ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို တရားဥပဒေနဲ့ မကိုက်ညီပဲ ဖမ်းဆီး၊ ညှဥ်းပန်း အပြစ်ပေးပုံ ၊ အကျဉ်းထောင်တွေအတွင်းမှာလည်း အစားအစာနဲ့ ဆေးဝါး ချို့တဲ့ပြီး ဆိုးဝါးစွာ နေထိုင်ကြရပုံ နဲ့ အကျဉ်းသား မိသားစုဝင်တွေရဲ့ အခက်အခဲတွေကို အခန်းလိုက် ရှင်းလင်း တင်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသား အရေအတွက်ကိုလည်း ကျား၊ မ၊ ရဟန်း၊ သီလရှင် စသဖြင့် စာရင်းဇယားနဲ့တကွ ဖော်ပြထားပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေး အဖြေရှာရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးရေးဟာ တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဖော်ပြထားတဲ့ အဲဒီအဖွဲ့ ၁၁ ဖွဲ့ရဲ့ တောင်းဆိုချက်မှာ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်သေးခင်မှာလည်း ပိုမို ကောင်းမွန်အောင် ထားရှိဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။









