ထားဝယ်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ဖခင် ဦးအောင်ဖေကို လောင်းလုံးမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ ထောင် နှစ်နှစ်ချလိုက်ပါတယ်။
ဖခင်ဖြစ်သူမှာ အပြစ်မရှိဘဲ ထောင်ချခံရတာလို့ ကိုမင်းလွင်ဦးက ပြောပါတယ်။
" ကျွန်တော့်အဖေမှာ သူတို့ထောင်ချရလောက်တဲ့အထိ ပြစ်မှုတစ်စုံတစ်ရာမရှိဘူးဆိုတာ ပြောချင်တယ်၊ အာဏာရှင်တွေကတော့ အာဏာရှင်ပီပီသသ ထင်သာမြင်သာပဲ သားသမီးမရလို့ မိဘကို ဖမ်းတယ်ဆိုတာမျိုး အာဏာရှင်စရိုက်ဆန်ဆန် လုပ်လိုက်တယ်ပေါ့ဗျာ၊ ကျွန်တော်တို့က ယုံကြည်မှုနဲ့လုပ်နေတာ အဲဒါကို ဖမ်းဆီးထောင်ချလို့မရဘူး၊ ဒါကို သူတို့သိဖို့လိုတယ် "
ဦးအောင်ဖေကို ထောင်ဒဏ်ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး မိသားစုကို အကြောင်းကြားတာမရှိဘဲ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သူတွေဆီကနေ တစ်ဆင့်သိရတယ်လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။
အသက် ၆၅ နှစ်အရွယ် ဦးအောင်ဖေကို ဇွန်လ ၁၉ ရက်နေ့က လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာက အိမ်မှာ ဝင်ရောက်ဖမ်းဆီးချိန်မှာ ကျောင်းသားသမဂ္ဂလက်ပတ်နဲ့ နှင်းဆီရောင် အမျိုးသမီးသမဂ္ဂ တီရှပ်အင်္ကျီတစ်ထည် တွေ့တာနဲ့ပတ်သက်လို့ ဖခင်ဖြစ်သူကို ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ချလိုက်တာလို့လည်း ကိုမင်းလွင်ဦးက ပြောပါတယ်။
ဖမ်းဆီးသွားပြီးနောက် သြဂုတ်လ ၁၃ ရက်နေ့ကမှ မိသားစုနဲ့ တွေ့ခွင့်ရပြီး ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုခံရတာပါ။
ကိုမင်းလွင်ဦးဖခင်ကို လောင်းလုံးမြို့မ ရဲစခန်းကနေ ထားဝယ်အကျဉ်းထောင်ကို ပြောင်းရွှေ့ဖို့ပြင်ဆင်နေတယ်လို့လည်း သူကဆိုပါတယ်။
ဦးအောင်ဖေဟာ ရေမသန့်တာ၊ ခြင်ကိုက်တာတွေကြောင့် ယားယံတတ်တဲ့ သွေးမှိုရောဂါရှိတဲ့အတွက် သူ့ကျန်းမာရေးကို မိသားစုက စိုးရိမ်နေပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လူထုသပိတ်လှုပ်ရှားမှုတွေကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့ ကိုမင်းလွင်ဦး ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စစ်ကောင်စီရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူဖြစ်ပါတယ်။