မြန်မာနိုင်ငံမှာ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ အကြီးစား အခြေခံအဆောက်ဦတွေ တိုးတက်ကောင်းမွန်ဖို့ အတွက် ၂ဝ၁၇ ခုနှစ်ကစတင်ပြီး ၅ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၇၅ဝ ကို အတိုးနည်းနည်း နဲ့ ချေးသွားမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ရန်ကုန်မြို့မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ADB ဥက္ကဋ္ဌ Takehiko Nakaoက အခုလို ပြောကြား လိုက်တာဖြစ်ပြီး ဒီချေးငွေကို ပထမနှစ် ဒေါ်လာ သန်း ၁၅ဝ ကနေ ၃၅ဝ အထိ နှစ်စဉ် တိုးမြင့်သွားမယ်လို့ ဆိုပါတယ်။
ဒီချေးငွေကို မြန်မာအစိုးရရဲ့ ၅ နှစ်တာစီမံကိန်းကာလအတွင်း အစိုးရရဲ့ ဦးစားပေးလုပ်ငန်းတွေနဲ့အညီ ထိန်းညှိသွားမှာဖြစ်ပြီး၊ ADB နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာလည်း လျှပ်စစ်မီးနဲ့ လမ်းပန်းဆက်သွယ်ရေး စတဲ့ အခြေခံလူ့အဆောက်အဦတွေ ဖွံ့ဖြိုးလာဖို့ အရေးကြီးကြောင်း ပြောကြားခဲ့တယ်လို့ မစ္စတာ နာကာအို က ပြောပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်ဟာ ဖိလစ်ပိုင်မှာ အခြေစိုက်တာဖြစ်ပြီး အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေက ဘဏ်မူဝါဒတွေကို ဦးဆောင်မှတ်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ တယ်လီဖုန်းဆက်သွယ်ရေးနဲ့ မြို့ပြဖွံ့ဖြိုးရေး စတဲ့ကဏ္ဍတွေမှာ အဓိကထား ကူညီနေတယ်လို့ ADB ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
