ဖမ်းဆီးခံနေရတဲ့ ဂျပန်နိုင်ငံသားကို သံအမတ်နဲ့ တွေ့ခွင့်ပြု

ဆန်ကိစ္စနဲ့ အဖမ်းခံထားရတဲ့ Aeon Orange ကုမ္ပဏီအမှုဆောင်အရာရှိ ဂျပန်နိုင်ငံသား ဟီရိုရှီ ကာဆာမက်ဆုကို ရန်ကုန်မြို့အခြေစိုက် ဂျပန်သံအမတ်ကြီးက တွေ့ခွင့်ရတယ်လို့ ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့ရှိ Aeon Orange စူပါမားကက်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်။ STR / AFP

ဆန်ကိစ္စနဲ့ အဖမ်းခံထားရတဲ့ Aeon Orange ကုမ္ပဏီအမှုဆောင်အရာရှိ ဂျပန်နိုင်ငံသား ဟီရိုရှီ ကာဆာမက်ဆု ကို ရန်ကုန်မြို့အခြေစိုက် ဂျပန်သံအမတ်ကြီးက တွေ့ခွင့်ရတယ်လို့ ကျိုဒိုသတင်းမှာ မနေ့က ဖော်ပြထားပါတယ်။ သူ့ကို အမြန်ဆုံးလွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုထားပြီး အခုလည်း အစိုးရရဲ့ တောင်းဆိုချက်ကြောင့် တွေ့ခွင့်ရတာလို့ ဆိုပါတယ်။

သံအမတ်ကြီး အိချီရို မာရူယားမားက သူ့ကို ကျန်းကျန်းမာမာတွေ့ရပြီး၊ လက်ရှိ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဘယ်ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေလဲဆိုတာတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

ကာဆာမက်ဆု ကို မြန်မာရှေ့နေကတစ်ဆင့် လိုအပ်တဲ့ပစ္စည်းတွေလည်း ပေးခွင့်ရသလို သူ့အခြေအနေလည်း သိခွင့်ရတယ်လို့ သံရုံးရဲ့ ပြောဆိုချက်ကို သတင်းမှာ ဖော်ပြထားပါတယ်။ ကျန်တဲ့ မြန်မာကုန်သည်တွေကိုတော့ ရှေ့နေငှားခွင့်၊ မိသားစုတွေ့ခွင့်ပြု၊ မပြု မသိရသေးပါဘူး။

ကာဆာမက်ဆု အပါအဝင် ရန်ကုန်မြို့က နာမည်ကျော် စျေးဆိုင်တွေဖြစ်တဲ့ City Mart၊ One Stop Mart၊ စိန်ဂေဟာက တာဝန်ရှိတဲ့သူတွေနဲ့ ဆန်ကုန်သည် စုစုပေါင်း ၁၁ ဦးကို ဆန်တွေ စျေးတင်ပြီး ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဇွန်လ ၃၀ ရက်မှာ ဖမ်းထားတာ ဖြစ်ပါတယ်။ သူတို့ကို အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ချနိုင်တဲ့ ဥပဒေပုဒ်မနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org