နိုင်ငံရေး ဆွေးနွေးပွဲ များ ရွေးကောက်ပွဲအပြီး စတင်မည်
2015.10.18
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲတွေကို လာမယ့် ရွေးကောက်ပွဲအပြီးမှာ ကျင်းပသွား မှာဖြစ်ကြောင်း အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ နောက်ဆုံးနေ့ မနေ့က ကြေညာချက် ထုတ်လိုက်ပါတယ်။
အဲဒီဆွေးနွေးပွဲကို နေပြည်တော် မက်စ်ဟိုတယ်မှာ ကျင်းပတာဖြစ်ပြီး NCA စာချုပ် မှာ လက်မှတ်ရေးထိုးမထားတဲ့ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ ပူးပေါင်းပါဝင်လာဖို့အတွက် ဆက်ပြီးကြိုးစားသွားမှာ ဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်တာဖြစ်တယ်လို့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
"တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရာတွင် မပါဝင်သေးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဂုဏ်သိက္ခာရှိစွာ ပူးပေါင်းပါဝင်လာနိုင်ရေးအတွက် နှစ်ဖက်ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူထားပါသည်၊ ဒုတိယအကြိမ် အစည်းဝေးကို နိုဝင်ဘာလလယ်ပိုင်းတွင် ထပ်မံကျင်းပရန်သဘောတူခဲ့ကြပြီး NCA စာချုပ်ပါ သဘောတူညီချက်များနဲ့အညီ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်"
ဒါ့အပြင် တိုင်းရင်းသားတွေတောင်းဆိုထားတဲ့ စစ်အရှိန်လျှော့ချရေးနဲ့ နားလည်မှု တည်ဆောက်နိုင်ရေးကို အစိုးရနဲ့တပ်မတော်ကလက်ခံပြီး စဉ်းစားပေးမယ် လို့ ပြေဆိုတဲ့အတွက် ကျေးဇူးတင်ကြောင်း ချင်းအမျိုးသားတပ်ဦးက ခေါင်းဆောင်ဖြစ်တဲ့ ပူးနန်လျန်ထန်က ပြောပါတယ်။
"တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်တွေ့အကောင်အထည်ဖော်ဖို့ ပြည့်ဝသော အဓိပ္ပါယ်ဖြစ်ဖို့အတွက် တပ်မတော်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ အစိုးရ ပိုင်းဆိုင်ရာ သော်လည်းကောင်း၊ စစ်ရှိန်လျှော့ရေးနဲ့ နားလည်မှုတည်ဆောက်နိုင်ရေးအတွက် ကျနော်တို့ပထမအဆင့်ပါဝင်သော တိုင်းရင်းသားများ ရဲ့တောင်းဆို ချက်များကိုလည်း လက်ခံနားလည်ပြီးစဉ်းစားပေးနေတယ်ဆိုတာကို သိရတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်၊ ကျနော်တို့နဲ့ NCA လက်မှတ်ထိုးသော တိုင်းရင်းသားခေါင်းဆောင်များအတွက်လည်း EA အစည်းဝေးပြန်ခေါ်တဲ့အခါ ပြောမှာပါ"
ဒီကနေ့ကျင်းပတဲ့ ညှိနှိုင်းအစည်းအဝေးမှာ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ Joint Monitoring Committie ( JMC ) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ Union Peace Dialogue Joint Committee ( UPDJC ) ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။